DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် အချက် ၃ ချက်သဘောတူ
DVB
·
October 1, 2018
Donate to DVB

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံရေး အတွက် အချိန်ဇယားနဲ့ လမ်းပြမြေပုံ ရေးဆွဲဖို့ အပါအ၀င် အချက် ၃ ချက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုရရှိသွားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ   စက်တင်ဘာ ၂၇ ရက်က မြန်မာပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗူဟတ်စ်ဆန် မာမွတ်အလီတို့နဲ့ သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့တာလို့  တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တက်ရောက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုမီယို ဂူတာရပ်စ်ကိုလည်း ဖိတ်ခေါ်ခဲ့တဲ့အတွက် ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဆွေးနွေးပွဲကနေရရှိခဲ့တဲ့ သဘောတူညီချက် ၃ ချက်ထဲမှာ ပထမအချက်က  ရခိုင်ပြည်နယ်အရေးကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်ညှိနှိုင်းမှုက တဆင့် ဖြေရှင်းဖို့ ဖြစ်ပါတယ်။

ဒုတိယသဘောတူညီချက်ကတော့  ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေအနက် ပထမဆုံးအသုတ်ကို လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေသလို  မြန်မာနိုင်ငံက လည်း ပြန်လည်လက်ခံရေး ပြင်ဆင်နေဖို့ ဖြစ်ပါတယ်။

တတိယသဘောတူညီချက်ကတော့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည် လက်ခံအခြေချနေထိုင်ရေးကိစ္စ အချိန်ဇယားနဲ့အတူ လမ်းပြမြေပုံတရပ်ကို နိုင်ငံညှိနှိုင်းရေးဆွဲဖို့နဲ့ ပထမဦးဆုံး ပြန်လည်လက်ခံမှုကို မြန်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် နှစ်နိုင်ငံပူးတွဲ အလုပ်အဖွဲ့ အစည်းအဝေး ကျင်းပဖို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းရှိပြီး သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းမှုတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ ဘုံအကျိုးစီးပွားနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ရစေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝမ်ယီက ပြောပါတယ်။

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ အခြေအနေကို ပိုမိုရှုပ်ထွေးစေမယ့်၊ ပိုဆိုးရွားစေမယ့်၊  နိုင်ငံတကာအရေးကိစ္စအဖြစ် ချဉ်းကပ်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံအားပေးမှာ မဟုတ်သလို ရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်း အ၀န်းအနေနဲ့ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ဝင်လုပ်ဆောင်သင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ခုလို သဘောတူညီချက်ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရက တရားဝင်သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။

ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာအာဘော်မှာတော့ ခုလို သဘောတူညီချက် ၃ ချက်ရရှိခဲ့တာဟာ အိမ်နီးချင်းကောင်းနိုင်ငံတွေ ပီသစွာ အပြန်အလှန် အကျိုးဖြစ်ထွန်းပြီး ရေရှည်တည်တံ့စေမယ့် ခြေလှမ်းကို ဖော်ဆောင်ဖို့ဖြစ်တယ်၊ ဒီခြေလှမ်းတွေဟာ မင်္ဂလာရှိတဲ့  ခြေလှမ်းတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာထွက်ပြေးသွားကြသူတွေ  ပြန်လာဖို့ကိစ္စ မစတင်နိုင်သေးတဲ့အပေါ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ အပြန်အလှန် အပြစ်တင်နေချိန်မှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ ခုလို သဘောတူညီချက်ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-FMPRC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013