DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အားပြင်းမိုင်းများ ဖောက်ခွဲမှုကြောင့် ပြည်သူအချို့ ဒဏ်ရာရပြီး စိုးရိမ်ထိတ်လန့်နေ
DVB
·
October 1, 2018
ဖားကန့်တွင် အားပြင်းမိုင်းများ ဖောက်ခွဲမှုကြောင့် ပြည်သူအချို့ ဒဏ်ရာရပြီး စိုးရိမ်ထိတ်လန့်နေ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတွင်းတွေမှာ အားပြင်းတဲ့ မိုင်းဖောက်ခွဲမှုတွေ ပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရမှု ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအများစုဟာလည်း ပြည်ထဲရေး နာမည်ပေါက်မဟုတ်တဲ့ လူနေကျေးရွာတွေ၊ ကျေးရွာ စာသင်ကျောင်းတွေနဲ့ နီးကပ်နေလို့ စိုးရိမ်နေကြတာပါ။

“ကျနော်တို့ ဆန်ခါကျေးရွာ စာသင်ကျောင်းက ကလေးတွေအတွက် အန္တရာယ်တကယ်များတယ်နော်။ စာသင်ကြောင်းနံရံက မိုင်းခွဲတဲ့ ဒဏ်နဲ့ တော်တော်လေး စိုးရိမ်နေရတယ်။ မဇွပ်ယန် ရွာနားက အများသုံးလမ်းမကြီးကလည်း မိုင်းတခါခွဲတိုင်း အက်အက်လာနေပြီ" လို့ ဆန်ခါကျေးရွာသား ဦးတင်လှိုင်က ပြောပါတယ်။

ကျောက်စိမ်းတွင်းက မိုင်းတွေဟာ ပြီးခဲ့တဲ့နှစ်တွေက ဖောက်ခွဲတဲ့ ပုံစံမဟုတ်ဘဲ ထူးထူးခြားခြား အားပြင်းလွန်းနေတယ်လို့ ဆိုပါတယ်။

မိုင်းတကြိမ်ခွဲတိုင်း လုပ်ကွက်နဲ့ ၁ မိုင်ကျော် ၂ မိုင်အတွင်းရှိ အဆောင်အဦတွေ တုန်ခါ တာ၊ နေအိမ်နံရံတွေနဲ့ ကမ်းပါးတွေ အက်လာတာ၊ မှန်ကွဲသွားတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆန်ခါနဲ့ မဇပ်ယန်ရွာသားတွေက ပြောပါတယ်။

“ကျနော့် ရုံးခန်းဆို မြင်တဲ့အတိုင်းပဲ၊ ကြည့်လိုက်ပါ၊ ဟိုမှန်တွေဆို ကွဲကုန်ပြီ။ ဘယ်ကုမ္ပဏီကမှ တပြားမှ လျော်ကြေးမပေးဘူး" လို့ သဘာဝစိမ်းလန်းစိုပြေရေး GreenLand မှ ဦးနောင်လတ်က ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက် ၁၁:၄၅ ချိန်လောက်ကလည်း ကရင်ချောင်မှော် ထွန်းတောက်ဇဗ္ဗူကုမ္ပဏီ လုပ်ကွက်အတွင်းမှ အားပြင်းမိုင်းဖောက်ခွဲမှုကြောင့် ဆိပ်မူအုပ်စု ဘိုနန်ရပ်ကွက်က ရေမဆေးကျောက်ရှာဖွေသူ မောင်ဇော်မိုးဦးရဲ့ ဦးခေါင်းကို မိုင်းဖောက်ခွဲရာမှ လွင့်စင်လာတဲ့ ကျောက်ခဲစထိမှန်ခဲ့ပါတယ်။

မောင်ဇော်မိုးဦးကို ဖားကန့်မြို့ ပြည်သူ့ဆေးရုံအရေးပေါ်ဆေးကုသမှု ခံယူဖို့ ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာက ဦးခေါင်း အက်သွားလို့ မန္တလေးကို အမြန်ဆင်းကုသဖို့ ဖားကန့်ဆေးရုံက ညွှန်ကြားခဲ့တယ်လို့ ကူညီသူတွေက ပြောပါတယ်။

ထွန်းတောက်ဇဗ္ဗူကုမ္ပဏီ တာဝန်ခံကိုယ်စားလှယ်က ဖားကန့်ဆေးရုံကို လိုက်လာပြီး ဆေးကုသစရိတ် ငွေ ၅ သိန်းပေးခဲ့ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် မန္တလေးကို သွားရောက်ကုသရမှာဖြစ်တာကြောင့် ငွေကြေးလုံလောက်စွာ ထောက်ပံ့ပေးဖို့ တောင်းခံခဲ့ပေမယ့် မရလို့ မောင်ဇော်မိုးဦးရဲ့ အုပ်ထိန်းသူတွေက ထောက်ပံ့ငွေ ၅ သိန်းကို ငြင်းဆန်ခဲ့တယ်လို့ လိုက်ပါကူညီသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထွန်းတောက်ဇဗ္ဗူ ကုမ္ပဏီတာဝန်ခံထံ ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမပြုခဲ့ပါဘူး။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အားပြင်းမိုင်းတွေ ဖောက်ခွဲမှုကြောင့် လူနေအိမ်တွေ၊ သာသနိက အဆောက်အဦတွေ၊ ပညာရေးအဆောက်အဦတွေ တုန်ခါမှုကြောင့် ကွဲအက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေသလို စာသင်ကြားနေတဲ့ ကလေးငယ်တွေလည်း ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013