DVB Logo
Home
မြန်မာသတင်း
တအာင်းတပ်က ငွေကြေးကောက်ခံမှုကြောင့် ကားများ ရပ်နားထားရ၊ အစိုးတပ်နှင့်တိုက်ပွဲဖြစ်
DVB
·
September 30, 2018
တအာင်းတပ်က ငွေကြေးကောက်ခံမှုကြောင့် ကားများ ရပ်နားထားရ၊ အစိုးတပ်နှင့်တိုက်ပွဲဖြစ်
Donate to DVB

မူဆယ်-ကွတ်ခိုင် လမ်းပိုင်းမှာ တအာင်းတပ်ဖွဲ့က ငွေကြေးကောက်ခံနေလို့ ကားတွေ ရပ်နားထားရသလို အစိုးရတပ်နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မန္တလေး- မူဆယ်သွား ပြည်ထောင်စုလမ်းမပေါ်က မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာနဲ့ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာမှာ တအာင်းတပ်ဖွဲ့က မနေ့ မနက်ပိုင်းမှာ ငွေကြေးကောက်ခံနေတာကြောင့် ကားတွေ အတက်အဆင်းမရှိဘဲ နီးစပ်ရာနေရာတွေမှာ ရပ်နားထားတာပါ။

“TNLA တပ်ဖွဲ့က မူဆယ်မြို့နယ် နမ့်အွမ်၊ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာမှာ ငွေကြေး ကောက်ခံနေလို့ ကျနော်တို့ကားတွေကို ကွတ်ခိုင်တိုးဂိတ်နားမှာ ရပ်ထားရတယ်။ မနက်ကတည်းက အခုချိန်ထိ လမ်းမပွင့်သေးဘူး။ ကားသေး၊ ကားကြီး၊ ကုန်ကား၊ ခရီးသည်တင်ကား အိမ်စီးကား အကုန်ငွေကောက်တာပါ” လို့ ခရီးသည်တင် ကားသမားတယောက်က ပြောပါတယ်။

တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ သူတို့ရဲ့ အခွန်ဌာနက တရားဝင်ကောက်ခံနေတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒါက တော်လှန်ရေး ရန်ပုံငွေကောက်တာပါ။ အဓိကကတော့ ကားသမားတွေဆီက ကောက်ပါတယ်။ ပုံမှန်ပါပဲ။ အခွန်ဆောင်ပြီးသားသူတွေက ဆောင်ထားတဲ့ ပြေစာပြရင် ဆောင်စရာမလိုပါဘူး။ မဆောင်ရသေးသူတွေအတွက်ကတော့ ကားသေးကို ၁ သိန်းဝန်းကျင်၊ ကားလတ် ၁ စီးကို ကျပ် ၂ သိန်းကနေ ၃ သိန်းနဲ့ ကားကြီးတစီးကို ကျပ် ၃ သိန်းကနေ ၅ သိန်းကောက်ပါတယ်။ ကားသမားတွေကို ပြောချင်တာကတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး” လို့ ပြောပါတယ်။

ငွေကြေးကောက်ခံနေတဲ့ နေရာဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ကားသမားတွေက ပြောပါတယ်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က မူဆယ်နဲ့ ကွတ်ခိုင်တို့မှာ မနေ့က တပ်မတော်နဲ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“မူဆယ်မြို့နယ် နမ့်ပေါ် တံတားနားမှာ တကြိမ်၊ နမ့်အွမ်ရွာနားမှာ တကြိမ်၊ ကောင်းခါးနဲ့ နမ့်အွမ်ရွာကြားမှာ တကြိမ်၊ မန်ပိန်းရွာမှာ တကြိမ် တိုက်ပွဲဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ တိုက်ပွဲ သတင်း မတက်သေးပါဘူး” လို့ ပြောပါတယ်။

မူဆယ်မြို့နယ် နမ့်အွမ်ရွာနားမှာ ပြီးခဲ့တဲ့ မေလဆန်းက နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အခုထပ်ဖြစ်လာတာလို့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

သတင်း - ခွန်ဇော်ဦး၊ ပိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013