DVB Logo
Home
မြန်မာသတင်း
ပုလဲမွေးမြူရေးစခန်းများကို အောက်တိုဘာ ၁ ရက် စတင်လည်ပတ်ခွင့်ပြုမည်
DVB
·
September 29, 2018
ပုလဲမွေးမြူရေးစခန်းများကို အောက်တိုဘာ ၁ ရက် စတင်လည်ပတ်ခွင့်ပြုမည်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်နဲ့ ကော့သောင်းမှာရှိတဲ့ ပုလဲမွေးမြူရေး စခန်းတွေကို အောက်တိုဘာ ၁ ရက်ကစပြီး လည်ပတ်ခွင့်ပေးတော့မယ်လို့ မြန်မာ့ပုလဲထုတ်လုပ်ရေးက ပြောပါတယ်။

ပုလဲမွေးမြူရေးစခန်းတွေကို လည်ပတ်ခွင့်ပေးမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၈ ရက်နေ့က ဌာနတာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက မြိတ်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ခရီးစဉ်အသစ်အဖြစ် မြိတ်ကျွန်းစုအတွင်း လည်ပတ်ခွင့်ရမယ့် ပုလဲမွေးမြူရေးကျွန်းတွေရှိ ပုလဲမွေးမြူရေးလုပ်ငန်းတွေကို လည်ပတ်ရာမှာ ဝန်ဆောင်မှုပေးမယ့် အစီအစဉ်တွေနဲ့ စည်းကမ်းသတ်မှတ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

"နိုင်ငံပိုင်ပုလဲစခန်း၊ ပြည်တွင်းပြည်ပ ကုမ္ပဏီကျွန်းစခန်း ၅ ခုကို လည်ပတ်ခွင့်ပေးမှာပါ။ အောက်တိုဘာ ၁ ရက်နေ့ကစပြီး လေ့လာခွင့်ပြုမယ့် ပုလဲမွေးမြူရေး ကျွန်းစခန်းတွေမှာ ခရီးသွားလုပ်ငန်းတွေ၊ ဧည့်သည်တွေလိုက်နာ ရမယ့်စည်းကမ်းချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေချင်တယ်၊ နောက်ပြီး ပုလဲ လုပ်ငန်းက ဘယ်လိုဝန်ဆောင်မှုတွေပေးမယ် စသဖြင့် ရည်ရွယ်ပါတယ်။ ကျွန်း ၅ ကျွန်းက နိုင်ငံပိုင်ပုလဲကျွန်း၊ မြန်မာအတ္တလန်တစ်၊ ကော့သောင်းခရိုင်မှာ ဂျလန်းကျွန်း၊ ရွှေကျွန်း၊ ငလုံးလက်ဖယ်ကျွန်း စတဲ့ ကျွန်း ၅ ကျွန်းကိုလည်ပတ်ခွင့်ပေးမှာပါ"လို့ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးလွင်က ပြောပါတယ်။

ခရီးသွားဧည့်သည်တွေအတွက် မုတ်ကောင် မွေးမြူရေးလုပ်ငန်းတွေ၊ သားပေါက်လေးတွေမှ မုတ်ကောင်ကြီးအထိ အဆင့်ဆင့်မွေးမြူ ခြင်းလုပ်ငန်း၊ ခွဲစိတ်ခန်းမှာ ဝတ်ဆံသွင်းနေပုံတွေ၊ အနားယူသည့်နေရာတွေ၊ စားသောက် ဆိုင်တွေ၊ အမှတ်တရနေရာတွေ စီစဉ်ဆောင်ရွက်ပေးထားမယ်လို့ သိရပါတယ်။

ခရီးသွားဧည့်သည်တွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အထူးသတိပြုရမှာဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်ပစ်တာကအစ ရေထုညစ်ညမ်းအောင်လုပ်ဆောင်မိတာ၊ သန္တာကျောက်တန်းတွေ ဖျက်ဆီးမှုတွေ ပြုလုပ်ပါက ငွေဒဏ်  ၁ သိန်းမှ ၅ သိန်းအထိ ပေးဆောင်ရမယ်လို့ သိရပါတယ်။

"ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာတဲ့ ကျနော်တို့ ကျွန်းတွေကို အားလုံးထိန်းသိမ်း ရမယ်၊ ကမ္ဘာလှည့်ခရီးသွားတွေပါ စိတ်ဝင်စားလာမယ့် ဒီခရီးစဉ်မျိုးကို ဝိုင်းဝန်းထိန်းသိမ်း လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးရာရောက်ပါမယ်" လို့ ပြည့်စုံထက်မြက်ပုလဲမွေးမြူရေးကုမ္ပဏီမှ MD ဦးမျိုးဝင်းသန်းက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ မြိတ်ကျွန်းစုအတွင်း လာရောက်လည်ပတ်မယ့် ခရီးသွားများအနေနဲ့ ခရီးစဉ်အသစ်အဖြစ် ပုလဲကျွန်းတွေကို လေ့လာရေးခရီးစဉ်တွေ ပါဝင်မှာ ဖြစ်သလို မြိတ်ကျွန်းစုထွက် မွေးပုလဲတွေကိုလည်း စိတ်ချစွာ ဝယ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013