DVB Logo
Home
မြန်မာသတင်း
တောင်ကြီး ကျားမင်းကြီး အရက်ချက်စက်ရုံ ပိတ်သိမ်းပေးရန် ဒေသခံများ တောင်းဆို
DVB
·
September 29, 2018
တောင်ကြီး ကျားမင်းကြီး အရက်ချက်စက်ရုံ ပိတ်သိမ်းပေးရန် ဒေသခံများ တောင်းဆို
Donate to DVB

တောင်​ကြီးမြို့နယ်​၊ ​တောင်​​လေးလုံး​ကျေးရွာအုပ်​စု၊ ဖက်​နန်​ရွာရှိ ကျားမင်းကြီး အရက်​ချက်​စက်ရုံက အနံ့ဆိုးနဲ့ စွန့်​ပစ်​​ရေဆိုး​ကြောင့် ကျန်းမာ​ရေး၊ စိုက်​ပျိုး​ရေး ထိခိုက်​နေလို့ စက်​ရုံ ပိတ်​သိမ်းဖို့ ဒေသခံတွေက ​တောင်းဆိုလိုက်​ပါတယ်​။

စက်​ရုံရဲ့ ဆိုးကျိုးကို မခံနိုင်​တဲ့အတွက်​ အ​ရေးယူ​ပေးဖို့ ​ဒေသခံတွေက လွှတ်​​တော်​​ရေးရာ​ကော်​မတီ ၄ ခုကို တိုင်​ကြားပြီးနောက် စက်​တင်​ဘာ ၂၈ ရက်​က ကွင်းဆင်းစစ်​​ဆေးချိန်​မှာ ပိတ်​သိမ်းဖို့​ တောင်းဆိုခဲ့ကြတာပါ။

“ဒီစက်​ရုံက ရပ်​ရွာအတွက်​ အကျိုးပြုတာမရှိဘူး၊ ဆိုးကျိုး​တွေပဲရှိတယ်​။ လယ်​​မြေ​တွေ အရမ်းပျက်စီးတယ်​၊ ကျန်းမာ​ရေးလည်း ထိခိုက်​တယ်​၊ ဒါ​ကြောင့် ဒီစက်​ရုံကို ပိတ်​သိမ်း​စေချင်​တယ်​” လို့ ​ဒေသခံ မပန်းမြိုင်​က ​ပြောပါတယ်​။

မီဒီယာတွေမှာ ရေးသား​ဖော်​ပြ​ပေမယ့် အစိုးရက အ​ရေးယူ​ပေးတာ မရှိတဲ့အတွက်​ ​ဒေသခံ​တွေက ရှမ်းပြည်​နယ်​လွှတ်​​တော်​ တိုင်​ကြားစာစိစစ်​​ရေး၊ တရားဥပ​ဒေ စိုးမိုး​ရေး၊ လယ်​သမား အလုပ်​သမားနဲ့ လူငယ်​​ရေးရာနဲ့ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေး နဲ့ သယံဇာတ​ရေးရာ​ကော်​မတီထံ တိုင်​ကြားပြီးနောက် လွှတ်​​တော်​ကိုယ်​စားလှယ်တွေ ကွင်းဆင်းစစ်​​ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

“ဒေသခံတွေ တိုင်​ထားတဲ့အတိုင်း အမှန်​တကယ်​​တွေ့ရတယ်​။ ​ရေဆိုး​တွေ လယ်​ထဲ​ရောက်​တယ်​၊ ​ရေဆိုး​ကြောင့် ပတ်​ဝန်းကျင်​လယ်​​တွေ ပျက်​စီးတယ်​၊ အနံ့​တွေ မခံနိုင်​​အောင်​ခံစားရတယ်​။ စက်​ရုံက သူတို့​ရေဆိုး​တွေ စနစ်​တကျ မစွန့်​ပစ်​ခဲ့ဘူး၊ အဲ့ဒီ ​ရေဟာ တ​ယော​ချောင်းမှတဆင့် အင်း​လေးကန်​အတွင်း ဆင်းသွားတယ်​။ ​ဒေသခံ တင်​ပြချက်​မှန်​တယ်​၊ ပတ်​ဝန်းကျင်​တအားထိခိုက်​တာ​တွေ့ရတယ်။ ​တွေ့ရှိချက်​ကို မှန်​မှန်​ကန်​ကန်​ လွှတ်​​တော်​က​နေ အစိုးရကို အကြံပြုတင်​ပြသွားမယ်​” လို့ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေး နဲ့သယံဇာတ​ရေးရာ​ကော်​မတီဥက္ကဋ္ဌ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ် ဦးခိုင်​ညီညီ​ကျော်​က ​ပြောပါတယ်​။

စက်​ရုံက အနံ့ဆိုး​ကြောင့် ညပိုင်းအိပ်​မခြင်း၊ က​လေးနဲ့ သက်​ကြီးရွယ်​အိုတွေ ​​ခေါင်းကိုက်​၊ ​ခေါင်းမူးတာတွေ ဖြစ်​ပွားတယ်​၊ ​ကောက်​စိုက်​သူ​တွေ ​ရေ​ကြောင့် ယားယံတာတွေလည်းဖြစ်သလို အချို့အသက်​ရှူလမ်း​ကြောင်းပြဿနာ​တွေလည်း ဖြစ်​တယ်​ လို့​ ဒေသခံ​တွေက​ ပြောပါတယ်​။

လွှတ်​​တော်​ကိုယ်​စားလှယ်တွေ ကွင်းဆင်းချိန်​မှာ တောင်လေးလုံးကျေးရွာ အုပ်စုမှေ တာင်ဦးရွာ၊ တောင်ခြေရွာ၊ ဖက်နန်ရွာ၊ ဥမှင်ရွာ၊ တောင်လေးလုံးရွာ၊ သံတဲကျေးရွာအုပ်စုမှ သံတောင်ရွာ၊ ကုန်းမို့ရွာ၊ သံသေရွာ၊ ကင်တုတ်ရွာ၊ မိုင်းတော်အရှေ့ကျေးရွာအုပ်စုမှ ဟဲကယ်ရွာ၊ မန်းကျည်းပင်ရွာ၊ ဆည်ကြီးရွာ၊ မိုင်းတော်အနောက်ကျေးရွာအုပ်စုမှ ပန့်ပုံးရွာ၊ စမ်းချောင်းရွာ၊ သိမ်ကုန်းရွာ၊ ရွှေညောင်တိုက်နယ် ​ဒေသခံ လူထုနဲ့​တွေ့ဆုံ​ဆွေး​နွေးတင်​ပြပြီး ပြည်သူလူထုက စက်ရုံပိတ်သိမ်းရေး တောင်းဆိုလက်မှတ် လက်မှတ်ပေါင်း ၁၆၉၉ ခုကိုလည်း ရှမ်းပြည်နယ် လွှတ်တော်၏ ရေးရာကော်မတီ ၄ ခုကို တင်ပြထားပါတယ်​။

အဲ့ဒီစက်​ရုံဟာ ၂၀၁၁ ခုနှစ်​က စတင်​တည်​​ထောင်​ချိန်​မှာ ​ပြောင်းအ​ခြောက်​ခံစက်​ရုံလို့ ​ဒေသခံ ​တွေက သိထားပြီး စက်ရုံတကယ်​လည်​တဲ့အခါ အရက်​ချက်​စက်​ရုံ ဖြစ်​​နေတဲ့အတွက်​ စွန့်​ပစ်​​ရေဆိုး​တွေ၊ အနံ့ဆိုး​တွေ မခံနိုင်​တဲ့အထိ ဖြစ်​​ပေါ်​နေတယ်​လို့ ​ဒေသခံ ​တွေက​ ပြောပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013