DVB Logo
Home
မေးမြန်းခန်း
ဒုသမ္မတ ရွေးချယ်ခန့်အပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းချက်
DVB
·
August 15, 2012
ဒုသမ္မတ ရွေးချယ်ခန့်အပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းချက်
Donate to DVB

ဒုတိယသမ္မတအဖြစ် ဦးဥာဏ်ထွန်း (ရေတပ်ကာကွယ်ရေးဦးစီးချုပ်) ကို ရွေးချယ်ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ရွေးချယ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုတိယသမ္မတက ဘယ်နဦး ရွေးချယ်မယ့်ထဲက ဦးဥာဏ်ထွန်းကို ရွေးလိုက်တာပါလဲ။

“တပ်မတော်သားအစုအဖွဲ့က တဦးပဲ တင်ပါတယ်။ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းပေါ့၊ အခု ဒုတိယ သမ္မတဖြစ်ပြီဆိုတော့ သူထွက်ရတဲ့အတွက် ဦးဥာဏ်ထွန်းပေါ့။ သူ တဦးပဲရွေးပါတယ်။ သူတဦးပဲ တင်တာကို ကျနော်တို့ ရွေးလိုက်ပါတယ်။ ရွေးတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတဲ့ သမ္မတတို့၊ ဒုတိယ သမ္မတတို့ သတ်မှတ်တဲ့အရည်အချင်း ရှိ မရှိဆိုတာကို မူတည်ပြီး စိစစ်ပါတယ်။ အထောက်အထားတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း စုံစမ်းပါ တယ်။ နောက်ကြောင်းလည်း စုံစမ်းပါတယ်။ သူကိုယ်တိုင်ရော၊ သူ့ရဲ့ ဆွေမျိုးသားချင်း အားလုံးရော သူတို့ စုံစမ်းပါတယ်။ စုံစမ်းပြီး တွေ့ရှိတဲ့အချက်တွေကိုလည်း စိစစ်ရေးအဖွဲ့ကို သူတို့တင်ပြကြပါတယ်။ တင်ပြတဲ့အချက်တွေပေါ်မူတည်ပြီး ကျနော်တို့ စုံစမ်းထားတဲ့ အချက်တွေနဲ့လည်း ကိုက်ပါတယ်၊ ဒါတွေပေါ်မူတည်ပြီး သူ့ကို ကျနော်တို့က ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။”

အခုလို ရွေးချယ်မှုမှာ ဘယ်လိုစံနှုန်းစံထားတွေနဲ့ အန်ကယ်တို့ စိစစ်ရေးအဖွဲ့က ရွေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ထပ်ဖြည့်စွက်စရာများရှိသေးလား။

“မရှိတော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ အရည်အချင်းနဲ့ ကိုက်ညီရင် ပေးပါတယ်။ တကယ်လည်း လုပ်နိုင်တယ်လို့ ကျနော်တို့ကိုယ်တိုင် ယုံကြည်ပါတယ်။”

အငြိမ်းစားဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စိတ်နေသဘောထားကို နည်းနည်းပြောပြ ပါလား။ ပြည်သူတွေသိချင်မှာပေါ့နော်။

[caption id="attachment_29080" align="alignleft" width="300" caption="ဦးဌေးဦး"][/caption]

“သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) အထိ လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲအပြင် ရာထူးကနေ လက်ရှိ ဒုတိယ သမ္မတကို အရွေးခံရတာဖြစ်ပါတယ်။ သူ့အနေနဲ့ တပ်မတော်မှာ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တာ ဖြစ်တဲ့အတွက် လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိပါဘူး။ အနေအထိုင်နဲ့ ပတ်သက်လို့ အေးချမ်း ပါတယ်။ သူ့မိသားစုနဲ့ ပတ်သက်လို့လည်း ဘာမှ ဆက်ဆံရေးမပြေလည် တာတို့၊ မောက်မာတာတို့၊ နောက်တခါ တခြားသူတွေကို အနိုင်ကျင့်တာတို့ဆိုတဲ့ သတင်းမျိုးလည်း ကျနော်တို့ မရပါဘူး။ သူ့ကိုလည်း နဂိုကတည်းက သိပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ဘာမှပြောစရာမရှိပါဘူး။”

ကနဦးပိုင်းတုန်းက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကောလာဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးတော့ အခု ဦးမြင့်ဆွေ စာရင်းမပါလာတာဟာ ဘာကြောင့်လို့ အန်ကယ်ရော ထင်ပါလဲ။

“ဒါကတော့ မတင်လို့ မပါတာပေါ့။ ကောလာဟလတွေက အများကြီးပဲ၊ ကျနော်တောင် ပါသေးတာပဲ။ မနေ့ကကတောင်မှ ဘီဘီစီထင်ပါတယ်၊ မေးတဲ့အထဲမှာ ကိုလှဋ္ဌေးဝင်းလည်းပါတယ်။ တရားသူကြီး ရှေ့နေချုပ်လား မသိဘူး ကိုထွန်းထွန်းဦးလည်း ပါတယ်။ ဒါကတော့ သူတို့ပြောနေတာပဲလေ။ နောက်ဆုံးတင်တာကတော့ စစ်ဆေးရတာကတော့ ဒီ တယောက်တည်း ပါပဲ။”

ဒုတိယသမ္မတ ရွေးချယ်ရေးမှာ တလကျော်လောက် ကြန့်ကြာခဲ့ရတာလဲ။ ရှင်းပြပေးပါလား။

“ကျနော့်အမြင်ကတော့ အသင့်တော်ဆုံးလူကို သူတို့ရွေးနေကြတာ ဖြစ်မှာပေါ့။ လူတွေကတော့ အားလုံးကောင်းပါတယ်။ စဉ်းစားခဲ့တဲ့လူတွေကို အတိအကျမသိသော်လည်း အားလုံးကတော့ သင့်တော်တဲ့သူဖြစ်ပါလိမ့်မယ်။ ဒီထဲကမှ အသင့်တော်ဆုံးလူတွေကို စိစစ်ရွေးချယ်နေတဲ့အတွက် ကြန့်ကြာနေတယ်လို့ ထင်ပါတယ်။”

ဦးဥာဏ်ထွန်းက ဒုတိယ သမ္မတ ဖြစ်သွားပြီဆိုတော့ အရင်က ကာလုံလို့လူသိများတဲ့ အဖွဲ့မှာ သူက အဖွဲ့ဝင်ဖြစ်သွားပြီလို့ ပြောလို့ရမလား။

“ဒုတိယ သမ္မတရဲ့ တာဝန်ထဲမှာပါတယ်ဆိုရင်တော့ ကာလုံထဲမှာပါမယ်လို့ ထင်ပါတယ်။ ကာလုံဖွဲ့စည်းတာကလည်း ဖွဲ့စည်းပုံထဲမှာပါမယ်ဆိုရင်တော့ အလိုအလျောက်ဖြစ်မှာပေါ့။ ဒါတွေက by post အရ ဖြစ်တဲ့ကိစ္စတွေပဲလေ။”

ဦးဥာဏ်ထွန်းက သူ့ရဲ့လုပ်ရည်ကိုင်ရည်တွေနဲ့ မြန်မာပြည်တိုးတက်ကြီးပွားဖို့အတွက် လတ်တလော ကာလမှာ ဘာတွေလုပ်နိုင်ပြီလို့ ပြောနိုင်လဲ။

“ဒုတိယသမ္မတ ဖြစ်ပြီဆိုရင်တော့ ဒုတိယသမ္မတ ဆောင်ရွက်ရမယ့် တာဝန်တွေရှိပါလိမ့်မယ်။ ရှိတဲ့ လုပ်ငန်းတာဝန်တွေကို ချောချောမွေ့မွေ့နဲ့ အောင်အောင်မြင်မြင်နဲ့ စီမံခန့်ခွဲဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ တာဝန်တွေကတော့ အများအပြားရှိမယ်လို့ ထင်ပါတယ်။”

ဒုတိယသမ္မတဟောင်း ဦးတင်အောင်မြင့်ဦးရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လိုကြားရပါလဲ။

“ကျနော်နဲ့မတွေ့ပါဘူး။ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ဆိုးဆိုးဝါးဝါးတော့ ဖြစ်မယ်မထင်ပါဘူး။ သူလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေမယ်လို့ ထင်ပါတယ်။”

ဦးဌေးဦးအနေနဲ့ ဒုတိယ သမ္မတခန့်ထားရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီကတဆင့် အထူးတလည် ဘာများပြောချင်လဲ။

“လက်ရှိအနေအထားမှာ အသင့်တော်ဆုံးပါပဲ။ အသင့်တော်ဆုံးကို ရွေးပြီးဆောင်ရွက်တဲ့အတွက် ကျနော်ထင်တယ်၊ ပြည်သူတွေအတွက် အားထားရမယ့် ပုဂ္ဂိုလ်ဖြစ်မယ်လို့ပဲ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013