DVB Logo
Home
မြန်မာသတင်း
ပြောင်းဖူးလှုပ်ရှားမှု ဆန္ဒပြခေါင်းဆောင် ၄ ဦး တရားစွဲဆိုခံရ
DVB
·
September 28, 2018
ပြောင်းဖူးလှုပ်ရှားမှု ဆန္ဒပြခေါင်းဆောင်  ၄ ဦး တရားစွဲဆိုခံရ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်ရှမ်း(က)ရပ်ကွက်ရှိ အများပိုင်သာသနာမြေကိစ္စကို ပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ စက်တင်ဘာ ၂၃ ရက်က ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ဦးဆောင်ပါဝင်သူ ၄ ဦး တရားစွဲခံရပါတယ်။

ဆန္ဒပြပွဲမှာ အဖိနှိပ်ခံပြည်သူများ မြေယာရရှိရေးပြောင်းဖူးလှုပ်ရှားမှု သပိတ်ဆိုင်းဘုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုင်ဆောင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး  ဦးဆောင်ပါဝင်ခဲ့တဲ့ ခူးကြူး ဖဲကေး၊ ခူးကလောရယ်၊ ဦးအောင်နိုင်ဝင်းနဲ့ ဦးကျော်မင်းဦးတို့ကို ငြိမ်းစုစီပုဒ်မ-၂၀ နဲ့ တရားစွဲ ခံရတာပါ။

တရားစွဲဆိုခံထားရတဲ့ ခူးကြူးဖဲကေးက “ကျနော်တို့ကို ငြိမ်းစုစီပုဒ်မ-၂၀ နဲ့ တရားစွဲတာပေါ့။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံ ကိုင်လို့ပေါ့လေနော်။ လွိုင်ကော်မြို့နယ် ထွေအုပ်က ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ခုတုံး လုပ်နေတယ်ပေါ့လေ။ ဖယ်ပေးပါဆိုလို့ အဲဒီဆန္ဒပြတဲ့နေမှာပဲ ကျနော်တို့ ဖယ်ပေးလိုက်ပါတယ်။ နောက်တခုက အဖိနှိပ်ခံပြည်သူများ မြေယာပိုင်ဆိုင်ခွင့်ရရှိရေး ပြောင်းဖူးလှုပ်ရှား မှု(ကယားပြည်နယ်) ဆိုင်းဘုတ်ကြီး ကိုင်တာပေါ့။ ဆိုင်းဘုတ်ကြီးကိုင်လို့ ကျနော်တို့ကို ဖြုတ်ချခိုင်းပါတယ်။ ကျနော်တို့ ဖြုတ်ချပေးပါတယ်။ အဲလိုကြားထဲမှာကိုမှ ကျနော်တို့ကို ငြိမ်းစုစီပုဒ်မ-၂၀ နဲ့ တရားစွဲထားတယ်လို့” လို့ ပြောပါတယ်။

ဒီနေ့မှာပဲ တရားစွဲဆိုခံရသူတွေက လွိုင်ကော်ရဲစခန်းမှာ ခံဝန်ထိုးခဲ့ရပြီး လွိုင်ကော်မြို့နယ် တရားရုံးက လာမယ့်အောက်တိုဘာ ၅ ရက်နေ့မှာ ဆင့်ခေါ်ထားပါတယ်။

ဆန္ဒပြဖို့အတွက် ကြိုတင်ပြီး အသိပေးအကြာင်းစာတင်ခဲ့ပေမယ့် စာတင်တဲ့အထဲမှာ မပါတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တချို့ကို ဖြုတ်ချဖို့ အာဏာပိုင်တွေက ဆန္ဒပြပွဲမှာ ပြောဆိုခဲ့တာပါ။

ဆန္ဒပြသူတွေက ပုဒ်မ-၁၈၈ ဖျက်သိမ်းပေးဖို့၊ နေထိုင်သူတွေကို မြေဂရမ်ထုတ်ပေးဖို့၊ အရောင်းအဝယ်ဖြစ်နိုင်တဲ့ မြေဖြစ်ဖို့အတွက် တရားသေလွဲပေးဖို့နဲ့ နမ့်ဘော်ဝမ် အုပ်စု (၁၀) အနေနဲ့ သီးသန့်ခွဲထုတ်ပေးဖို့ စတဲ့ အချက် ၄ ချက်ကို ကယားပြည်နယ်အစိုးရထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။

နမ့်ဘောဝမ်(က)ရပ်ကွက်ကို အများပိုင်သာသနာနယ်မြေအတွင်း ကျူးကျော်အမှတ် (၆) အဖြစ်သတ်မှတ်ထားပြီး အဲဒီမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ အရင်တောင်သူတွေက တဆင့် ငွေပေးဝယ်ယူထားရလို့ ကျူးကျော်တွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီမြေတွေကို ၁၉၅၀ ခုနှစ် ဝန်းကျင်လောက်မှာ ကန္တာရဝတီစောဖျာက အများပိုင်သာသနာမြေအဖြစ် လှူဒါန်းခဲ့တဲ့မြေတွေဖြစ်ပြီး အဆင့်ဆင့် ရောင်းဝယ်မှုတွေကြောင့် ခုလို ပြဿနာပေါ်ပေါက်နေရတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013