DVB Logo
Home
မြန်မာသတင်း
ချင်းဒုက္ခသည်များကို နေရပ်ပြန်ပို့မည့်ကိစ္စ ပြန်သုံးသပ်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို
DVB
·
September 28, 2018
ချင်းဒုက္ခသည်များကို နေရပ်ပြန်ပို့မည့်ကိစ္စ ပြန်သုံးသပ်ရန် ချင်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို
Donate to DVB

မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ချင်းဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ချင်းပြည်နယ်အတွင်း လုံခြုံမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပြုစုထားတဲ့ စာမျက်နာ ၄၁ မျက်နှာပါတဲ့ အစီရင်ခံစာကို မနေ့က ထုတ်ပြန်ပြီး ဒုက္ခသည်တွေပြန်လာရေး မဖြစ်နိုင်တဲ့အတွက် အခုလိုတောင်းဆိုတာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို စက်တင်ဘာ ၂၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ် ထုတ်ပြန်လိုက်တာဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူတွေ ရှိနေတဲ့အပြင် အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထောက်ပြထားပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းဆန်နှင်းလျန်ကတော့ လက်ရှိ ချင်းပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လာနိုင်မယ့် အခြေအနေ မရှိဘူးလို့ ပြောပါတယ်။

“မနေ့ကအထိ ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပလက်ဝဘက်မှာ အေအေနဲ့ တပ်မတော်ကြားမှာ တိုက်ပွဲဖြစ်နေတယ်။ အဲဒီတိုက်ပွဲဖြစ်လို့ ဒုက္ခခံနေရတဲ့ သူတွေကတော့ ကျနော်တို့ ချင်းအမျိုးသား အမျိုးသမီးတွေပဲ ဖြစ်တယ်။ ချင်းပြည်သူတွေပဲ ဖြစ်တယ်။  နောက်ထပ်ပြဿနာက အိုင်ဒီပီတွေကို နေ့စဉ်စားသောက်ဖို့ ဆန်တွေဝယ်တဲ့အခါမှာ ကန့်သတ်မှုရှိတယ်။ ပလက်ဝတောင်ပိုင်းမှာ ဖြစ်တဲ့ဟာ။ ပြီးတော့ ပလက်ဝမှာ တခုတည်းပဲ မဟုတ်ဘဲနဲ့ မတူပီဘက်မှာလည်း ရှိတယ်။ ဒါကြောင့် UNHCR အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးတော့ သုံးသပ်ဖို့လိုလိမ့်မယ်။”

အေအေနဲ့ တပ်မတော်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပလက်ဝမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အိုင်ဒီပီဒုက္ခသည် ၆၀၀၀ ကျော်ရှိနေသလို အိန္ဒိယနယ်ထဲမှာလည်း ဒုက္ခသည် ရာချီရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်းနဲ့ ရခိုင်ပြည်နယ်စပ်ကြားက ဘာသာရေးပြဿနာတွေလည်း အစီရင်ခံစာမှာ ထည့်သွင်း ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က မလေးရှာမှာရှိတဲ့ ချင်းဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီ မပေးတော့ဘူးလို့ UNHCR က ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့မှာ အိန္ဒိယကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အရ ချင်းပြည်နယ်ရဲ့ လက်ရှိအခြေအနေကို ရာသက်ပန် တည်ငြိမ်ပြီလို့ UNHCR အနေနဲ့ ရှုမြင်သုံးသပ်ပြီး ချင်းဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

ဒါကြောင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ အခြေစိုက် ဒုက္ခသည်တွေကို လာမယ့် ၂၀၁၉ ဒီဇင်ဘာလကုန်အထိသာ ထောက်ပံ့မှာဖြစ်ပြီး ဒီနောက်ပိုင်း အကာအကွယ် မပေးတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ချင်းဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ကန့်ကွက်ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ချင်းနိုင်ငံရေး ပါတီတွေကလည်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ချင်းဒုက္ခသည် ၃၁၀၀၀ ကျော်ရှိပြီး အိန္ဒိယနိုင်ငံမှာ ချင်းဒုက္ခသည် ၄၀၀၀ ကျော်ရှိတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013