DVB Logo
Home
မြန်မာသတင်း
ရေနံမြေလုပ်သားများ ထောက်ပံ့ကြေးနည်းပါးသည့်ကိစ္စ လက်​မှတ်​​ထိုး ကန့်​ကွက်
DVB
·
September 28, 2018
ရေနံမြေလုပ်သားများ ထောက်ပံ့ကြေးနည်းပါးသည့်ကိစ္စ လက်​မှတ်​​ထိုး ကန့်​ကွက်
Donate to DVB

မကွေးတိုင်း​ဒေသကြီး၊ ရေနံချောင်းမြို့ရှိ ရေနံအလုပ်သမား ၂၀၀လောက်ဟာ  Gold Petrol Myanmar JOC Inc ကုမ္ပဏီက ပေးတဲ့ထောက်ပံ့ကြေး နည်းပါးတဲ့ကိစ္စနဲ့ပတ်သက်လို့ လက်​မှတ်​ရေးထိုး ကန့်​ကွက်​လိုက်ပါတယ်။

အဆိုပါ​ရေနံကုမ္မဏီက အလုပ်သမားတွေကို  ထောက်ပံ့ကြေးပေးရာမှာ ရေနံထုတ်လုပ်ရေးဌာနနဲ့ ရေနံလုံခြုံရေးဌာနရှိ ဝန်ထမ်းတစ်ဦးလျှင်  တလ ထောက်ပံ့ငွေကြေး ၈၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိပေးပြီး ကျန်တခြားဌာနက ၀န်ထမ်းတွေကိုတော့  တစ်ဦးလျှင် တစ်လ ထောက်ပံ့ကြေးငွေ ၁၅၀၀ကျပ်ကနေ ၃၀၀၀ ကျပ် အထိပဲပေးတယ်လို့ အလုပ်သမား တွေကပြောပါတယ်။

ရေနံချောင်းရေနံမြေ ရွှေ​ရေနံသာ အခြေခံအလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်းအောင်က “အဓိကကတော့ ထောက်ပံ့ကြေး နည်းတဲ့ကိစ္စပေါ့။ ထောက်ပံ့ကြေးနည်းခြင်း၊ များခြင်း ကိစ္စကလည်း စာချုပ်ပွင့်လင်းမြင်သာမှုကလည်း အများဆုံးသက်ဆိုင်တယ်။ စာချုပ်က ဘယ်လိုတွေ ချုပ်ပြီး ဝန်ထမ်းတွေရဲ့ လူမှုဘဝတိုးတက်ရေး ဘယ်လိုလုပ်ပေးမှာလည်း။ ရေနံထွက်ရှိမှု အကျိုး၊  ကုမ္ပဏီနဲ့ ရေနံဌာန ဘယ်လို အကျိုးအမြတ်ခွဲပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းတွေ ပွင့်လင်းမြင်သာမှုမရှိဘူး '' လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာထံ တင်ပြတောင်းဆိုဖို့  ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက်ရှိ ရွှေ​ရေနံသာ အလုပ်သမားအဖွဲ့ အစည်းအဝေးခန်းမမှာ စက်တင်ဘာ၂၃ ရက်က စတင်ကာ  ရေနံ​မြေအလုပ်​သမားတွေက ဆန္ဒခံယူလက်​မှတ်​ထိုးပွဲ ပြုလုပ်ခဲ့ပြီး ဒီကနေ့ အထိ လက်မှတ်ပေါင်း ၂၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်​။

လက်​မှတ်​​ရေးထိုးထားတဲ့ စာမှာ  အောက်တိုဘာ ၁ ရက်ကစလို့ Gold Petrol Myanmar JOC Inc ​ရေနံကုမ္ပဏီရဲ့ ထောက်​ပံ့ငွေကြေးနဲ့ လုပ်ငန်းခွင်မှာ ကျွေးတဲ့ထမင်းကို ရေနံ ချောင်းရေနံမြေ အလုပ်သမားတွေအနေနဲ့  ဆန္ဒ​အ​လျှောက်​ ခံစားရယူလိုခြင်း မရှိ​တော့ဘူးလို့ ဖော်ပြပါရှိပါတယ်​။

ရေနံချောင်းရေနံမြေမှာ တာဝန်​ထမ်း​ဆောင်​​နေကြ​တဲ့  MOGE အရာထမ်းနဲ့ အမှုထမ်း ၇၀၀ လောက်ရှိပြီး ဒီကန့်​ကွက်​စာမှာ ထောက်​ပံ့​ကြေး​ငွေတိုးမြှင့်​​ပေး​ရေးနဲ့  အစားအစာ ​ကောင်းမွန်​​စေ​ရေး (သို့မဟုတ်​) အစားအစာ ကုန်ကျစရိတ်​ကို ​ငွေ​ကြေးအဖြစ်​ ​ပြောင်းလဲ သတ်​မှတ်​​ပေး​ရေး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ဒီကနေ့ ပေးပို့ တင်​ပြ​တောင်းဆို မယ်လို့လည်း ရေနံမြေ အလုပ်သမား ကိုယ်စားလှယ် ဦး​လေးနိုင်က ပြောပါတယ်​။

Gold Petrol Myanmar JOC Inc ကုမ္ပဏီဟာ ​ချောက်​-လမ်းရွာ ​ရေနံ​မြေနဲ့ ​ရေနံ​ချောင်း ​ရေနံ​မြေတို့ကို တိုးတက်​ထွက်​ရှိလာ​သော ​ရေနံ​ပေါ်တွင်​ ခွဲ​ဝေခံစား​ရေး စာချုပ်​ (IPRCs) ကို ၁၉၉၆ခု ဧပြီ ၄ ရက်​မှ ၂၀၁၇ ခု ဧပြီ ၄ရက်​အထိ ပထမအကြိမ်​ စာချုပ်​ချုပ်​လုပ်ကိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ စက်​တင်​ဘာ ၁၅ ရက်​မှ ၂၀၂၈ ဧပြီ ၃ ရက်​အထိ ၁၁ နှစ်​သက်​တမ်းကာလ အတွက်လည်း  ဒုတိယအကြိမ်​စာချုပ်​ ချုပ်​ဆိုထား​တယ်လို့ အဆိုပါ ကုမ္ပဏီထံက သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013