DVB Logo
Home
မြန်မာသတင်း
အဒေါ်ဖြစ်သူကို အဓမ္မပေါင်းသင်းနှိပ်စက်၊ မူးယစ်ဆေးရောင်းခိုင်းခဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီး
DVB
·
September 27, 2018
အဒေါ်ဖြစ်သူကို အဓမ္မပေါင်းသင်းနှိပ်စက်၊ မူးယစ်ဆေးရောင်းခိုင်းခဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မိုက်ကျဲမြေစာပုံကျေးရွာမှာ အဒေါ်ဖြစ်သူကို အလိုမတူပဲ အဓမ္မပြုကျင့် ပေါင်းသင်းကာ မူးယစ်ဆေးဝါးတွေ ရောင်းခိုင်းပြီး ညှင်းပန်းနှိပ်စက်ခဲ့သူ ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဖားကန့်မြို့နယ်၊ မက်လင်ချောင်ကျေးရွာနေ ကိုမောင်နိုင်ထံ ရွှေမျောတိုက်လုပ်ငန်း  အစုစားလုပ်ကိုင်ဖို့ရောက်လာတဲ့ ဦးလေးအရင်းတော်စပ်သူ ဦးအောင်စိုးသိန်းနဲ့ ဇနီး ဒေါ်သီတာဝင်းကို တူဖြစ်သူက မူးယစ်ဆေးဝါးရောင်းခိုင်းပြီး ခင်ပွန်းမရှိခိုက်  မကြာခဏ အဓမ္မပြုကျင့်ပြီး နှိပ်စက်ရိုက်နှက်ခဲ့တဲ့အတွက် ဒေါ်သီတာဝင်းက ရဲစခန်းကို တိုင်တန်းခဲ့တာပါ။

ဒေါ်သီတာဝင်းဟာ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ဘယ်မှ မသွားတတ်မလာ ဖြစ်ပြီး မကြာခဏလိုက်လံခေါ်ယူကာ လင်မယားအဖြစ် ပေါင်းသင်းပြီး သူမရဲ့ အမျိုးသား  ရက်ရှည်ဆေးကုသသွားစဉ် ကိုမောင်နိုင်က ရက်ပေါင်း ၂၀ ကျော်ကြာအောင် သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့တယ်လို့  ပြောပါတယ်။

ဒေါ်သီတာဝင်းက “ကျမယောက်ျား မရှိတာနဲ့ ကျမကို ဓားနဲ့ထောက်ပြီး သားမယားအဖြစ် လုပ်တယ်။ သူ့ကို တိုင်တန်းမယ်ဆိုရင် သတ်ပစ်မယ်။ တိုင်တန်းလို့လည်း မရဘူး။ ဒီနယ်မြေက အဖွဲ့အစည်းအားလုံးကို ငါကပေးကြွေးထားတယ်လို့ ပြောဆိုခြိမ်းခြောက်လေ့ ရှိတယ်။  သားမယားအဖြစ် ပြုကျင့်တာ မခံမရပ်နိုင်ဖြစ်လို့ ထွက်ပြေးရင်လည်း ကိုမောင်နိုင်က ရက်ရက်စက်စက် ရိုက်နှက်တာမျိုးတွေလည်း အကြိမ်ကြိမ်လုပ်တယ်” လို့ ပြောပါတယ်။

ကိုမောင်နိုင်ဟာ တရားမဝင် ရွှေတူးဖော်တဲ့လုပ်ငန်းတွေအပြင် မူးယစ်ဆေးဝါးကို ဖြန့်ဖြူးရောင်းချနေတယ်လို့လည်း မသီတာဝင်းက ပြောပါတယ်။

“ကျမကို နေ့စဉ်လိုလို မူးယစ်ဆေးဝါးတွေ ရောင်းခိုင်းတယ်။ အခကြေးငွေလည်း တကျပ်မှ ခုချိန်ထိမပေးဘူး”လို့ မသီတာဝင်းက ပြောပါတယ်။

ကိုမောင်နိုင်ဟာ သူမကျေနပ်သူတွေကို မူးယစ်ဆေးဝါးတွေ ချော့မော့ရောင်းခိုင်းကာ ရဲကို ဖမ်းဆီးခိုင်းတာမျိုးတွေလည်း လုပ်ခဲ့တယ်လို့ အိမ်နီးချင်း တဦးက ပြောပါတယ်။

“တရွာလုံးက သူ့ကြောက်နေရတာပါ။ သူမကျေနပ်ရင် အိမ်တွေကို မူးယစ်ဆေးဝါးတွေ ပစ်ထည့်ပြီး ရဲခေါ်ဖမ်းခိုင်းတာမျိုးတွေ လုပ်တော့ ကလိမ်ကကျစ် လုပ်မှာကို ကြောက်ရတယ်။ လူမိုက်တွေ မွေးထားပြီး ဓားတဝင်းဝင်းနဲ့ ဆိုတော့ လူတိုင်းက ကြောက်နေကြတာပေါ့။ ခု သီတာဝင်း ကိစ္စကို ကူညီလို့ဆိုပြီး ကျမတို့ကို ကြိမ်းနေတယ်”

ဒေါ်သီတာဝင်းဟာ အင်းတော်ကြီးဒေသ မမုံကိုင်ဇာတိဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးအောင်စိုးသိန်းနဲ့ ကိုမောင်နိုင်ဇနီးရဲ့မိခင်တို့ဟာ မောင်နှမတွေဖြစ်ပါတယ်။  ဒေါ်သီတာဝင်း ဟာလည်း မမုံကိုင် ကျေးရွာဇာတိဖြစ်ပြီး ဦးအောင်စိုးသိန်းနဲ့ သားသမီး ၅ ဦး ထွန်းကားခဲ့ ပါတယ်။

ကိုမောင်နိုင်ရဲ့ ညှင်းပန်းနှိပ်စက်မှု မခံနိုင်တဲ့အတွက် အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ မမုံကိုင်ရှိ အစ်ကိုဖြစ်သူတွေကို ခေါ်ယူခဲ့ပြီး ဆိပ်မူအုပ်စု မမုံကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်တန်းပေမယ့်လည်း ကျေနပ်အောင် ဆောင်ရွက်ပေးခြင်းမရှိဘဲ အချိန်ဆွဲခဲ့ တယ်လို့ ဒေါ်သီတာဝင်းရဲ့အစ်ကိုဖြစ်သူက ပြောပါတယ်။

“ကျနော်တို့ မမုံရုံးကို သွားတိုင်တယ်။ ဥက္ကဋ္ဌ မရှိဘူး။ ဘယ်သွားတယ် ညာသွားတယ်နဲ့ အချိန်ဆွဲနေတယ်။ ဒီလိုနဲ့ မိုးချုပ်သွားတာနဲ့ ပြန်လာခဲ့ရတယ်” ဒေါ်သီတာဝင်းရဲ့အကို ဖြစ်သူ ဦးအောင်သန်းက ပြောပါတယ်။

ဒေါ်သီတာဝင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၄ရက်က ဖားကန့်ရဲစခန်းမှာ တိုင်တန်း အမှုဖွင့်ခဲ့ပြီး နောက်တနေ့မှာ မောင်နိုင်ဆိုသူကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့  ဖားကန့် စခန်းမှူး ဦးဝင်းဇော်ဦးက ပြောပါတယ်။

သတင်း- ဇော်မိုးထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013