DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစစ်အဆုံးသတ်ရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်သမ္မတတိုက်တွန်း
DVB
·
September 27, 2018
ပြည်တွင်းစစ်အဆုံးသတ်ရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်သမ္မတတိုက်တွန်း
Donate to DVB

နှစ်ပေါင်း (၇၀) နီးပါးရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ လက်နက်စွဲကိုင်ပြီး ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူတွေကို မနေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။

“ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အခွင့်အခါကောင်းကို အရယူပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းရင်းသားများအကြား မတူကွဲပြားမှုတွေကို သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့ဖြင့် ဒီမိုကရေစီနည်းကျကျ စားပွဲဝိုင်းမှာ ဖြေရှင်းမယ်ဆိုရင် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်နိုင်ဖို့ ရည်ရွယ်ပြီး (၂၁) ရာစုပင်လုံ၊ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပခြင်း ဖြစ်ပါတယ်။”လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဘွဲ့ရ ကျောင်းသူကျောင်းသားတွေအနေနဲ့ မိမိတို့တာဝန်ကျရာ ဒေသတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့အခါ ဒေသခံ တိုင်းရင်းသား ကလေးငယ်တွေ အပါအဝင် ဒေသတစ်ခုလုံးရဲ့ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

ဒါ့အပြင် ဒေသရဲ့ဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများရဲ့ လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ဖို့၊ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နဲ့ သမိုင်းအမွေအနှစ်များကို လေးစား မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းပေးဖို့ စတာတွေလည်း တိုက်တွန်းသွားပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ကနေ လက်ရှိအချိန်အထိ မဟာပညာရေးဘွဲ့ (၉၅) ဦး၊ မဟာဒဿနဘွဲ့ (၃၅) ဦး၊ ပညာရေးဘွဲ့ (၃၆၇၇) ဦး၊ ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ (၇၄၂) ဦး၊ အလယ်တန်း ဆရာအတတ်သင် (၉၅၆) ဦး၊ အထူးမူလတန်းဆရာအတတ်သင် (၄၆၁) ဦး၊ မူလတန်းဆရာအတတ်သင် (၇၁၆၂) ဦး၊ စုစုပေါင်းဆရာ၊ ဆရာမ (၁၃၁၂၈) ဦးကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်မှာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့် တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013