DVB Logo
Home
မြန်မာသတင်း
တနိုင်းနှင့် ဖားကန့်မြို့နယ်တွင် ရွှေနှင့် ပယင်းတရားဝင်တူးဖော်ခွင့်ပေးရန် တောင်းဆို
DVB
·
September 26, 2018
တနိုင်းနှင့် ဖားကန့်မြို့နယ်တွင် ရွှေနှင့် ပယင်းတရားဝင်တူးဖော်ခွင့်ပေးရန် တောင်းဆို
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းနဲ့ဖားကန့်မြို့နယ်တွေမှာ ပယင်းရွှေသတ္တုနဲ့ပတ်သက်ပြီး အသေးစားနဲ့ အလတ်စားတူးဖော်ထုတ်လုပ်ခွင့် အမြန်ဆုံးခွင့်ပြုပေးဖို့ ဒေသခံ လွှတ်တော်အမတ်တွေက  သမ္မတထံ မေတ္တာရပ်ခံစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

တိုင်းပြည်ရဲ့ သယံဇာတနစ်နာမှုမဖြစ်စေရေး၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ စာဝတ်နေရေး ပြေလည်စေရေးနဲ့ အလုပ်လက်မဲ့ပြဿနာ နည်းပါးစေဖို့နဲ့ နိုင်ငံတော် အခွန်ဘဏ္ဍာရရှိစေဖို့ ခွင့်ပြုသင့်တယ်လို့   စက်တင်ဘာ ၁၇ ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ဖော်ပြပါတယ်။

တနိုင်းမြို့နယ်ထဲရှိ ရွှေသတ္တုနဲ့ပယင်းထွက်ရှိအရာ ဒေသတွေဖြစ်တဲ့ နန်ဖြူ၊ ဇီးဖြူကုန်း၊ တုံမဏီတို့မှာ အရင်က ကေအိုင်အိုက ထိမ်းချုပ်ထားခဲ့ပြီး အခုချိန်မှာ အဲဒီနေရာတွေကို တပ်မတော်က ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါဒေတွေမှာ လက်ရှိအချိန်မှာ ရွှေသတ္တုနဲ့ ပယင်းတို့ကို လူပုဂ္ဂိုလ်တချို့က တရားမ၀င်တူးဖော်နေတဲ့အတွက် တရားဝင်ချပေးဖို့ တောင်းဆိုတာလို့ တနိုင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။

“အရင်တုန်းက တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေရဲ့ ထိန်းချုပ်ဧရိယာဖြစ်တယ်။ တပ်ကတော့ အဲဒီအကြောင်းပြချက်နဲ့ နယ်မြေစိုးမိုးရှင်းလင်းရေးဆိုပြီး ၀င်လုပ်တယ်။ အခု လက်ရှိအနေအထားကျတော့ တပ်မတော်က စိုးမိုးလိုက်တဲ့အနေအထားမှာရှိနေတယ်။ စိုးမိုးလိုက်တဲ့အနေအထားမှာရှိနေပြီဆိုလို့ရှိရင် အစိုးရကို စီမံခန့်ခွဲခွင့်တော့အမြန်ဆုံးပေးပြီးမှ တနိုင်တပိုင်လုပ်တဲ့သူတွေကို ချပေးနိုင်ဖို့ အဲလိုတောင်းဆိုတာ။ အဲဒီမှာ အခုလည်း တရားမ၀င် ၀င်လုပ်နေတဲ့အနေအထား လူပုဂ္ဂိုလ်တချို့ ၀င်လုပ်နေတဲ့အနေအထားမှာ ရှိနေတယ်လို့ ကြားနေရတာပေါ့ဗျာ။ ဒါတွေလည်ပပျောက်သွားအောင်၊ တရားဝင် အခွန်ဘဏ္ဍာရရှိအောင်လို့ အဲဒါတွေရေးလိုက်တာပါ။”

ပြီးခဲ့တဲ့ ၂၀၁၆ ဇူလိုင်လမှာ ဖားကန့်မြို့နယ်အတွင်း လီဒိုလမ်းဘေးမှာရှိတဲ့ ရှထူးဇွတ်၊ ၀ါရာဇွတ်အုပ်စုတွေမှာရှိတဲ့ ရွှေမော်တွေကို တပ်မတော်က ၀င်ရောက်ရှင်းတဲ့အတွက် ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ပွားလို့ ဒေသခံတွေ လုပ်ငန်းပိတ်သိမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပါတယ်။

ဒါ့အပြင် ၂၀၁၇ ဇွန်လမှာတော့ တပ်မတော်ကနေ တနိုင်းဒေသမှာရှိတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ထွက်ခွာပေးဖို့ ရဟတ်ယာဉ်တွေနဲ့ စာတွေကျဲခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အဆိုပါဒေသတွေမှာရှိနေတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေက ထွက်ပြေး တိမ်းရှောင်ခဲ့ကြတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဆောင်ရွက်ပေးဖို့လည်း လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013