DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့မြို့နယ်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လက်နက်ကိုင်အဖွဲ့များနှင့်ညှိနှိုင်းနေ
DVB
·
September 25, 2018
လှိုင်းဘွဲ့မြို့နယ်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လက်နက်ကိုင်အဖွဲ့များနှင့်ညှိနှိုင်းနေ
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာ တစ်ရက်ကို တန်ချိန် တစ်သောင်းထွက်ရှိမယ့် ဘိလပ်မြေစက်ရုံတရုံတည်ဆောက်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတခုက စီစဉ်နေပါတယ်။

အဆိုပါဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ တိုင်းရင်းသားလုပ်ငန်ရှင်တွေပိုင်ဆိုင်တဲ့ ရတနာ စိုင်းကောင်းထက်ကျော်ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၇၆၀ နဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှာ ဖြစ်ပြီး နိုင်ငံတကာနောက်ဆုံးနည်းပညာဖြစ်တဲ့ Dry Process နဲ့ ထုတ်လုပ်သွားမှာပါ။

အဲဒီ ဘိလပ်မြေတည်ဆောက်မယ့် စီမံကိန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ပြည်ထောင်စုရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ ထောက်ခံတင်ပြထားပြီးဖြစ်သလို တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်က ဘားအံမြို့ သီရိဘား အံဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

စက်ရုံတည်ဆောက်မယ့် မြေနေရာကိုတော့ ရွေးချယ်နေဆဲဖြစ်ပြီး ဒေသခံတိုင်းရင်းသား လက်နက်ကိုင် ကေအန်ယူ၊ ဘီဂျီအက်ဖ် တို့ကလည်း လိုအပ်တဲ့ လုံခြုံရေးနဲ့ အခြား အကူအညီတွေပေးသွားဖို့ ပဏာမသဘောတူခဲ့တဲ့အပြင် ဒေသခံတွေ နစ်နာမှုမရှိရေး ဆွေးနွေးခဲ့ပါတယ်။

နယ်ခြားစောင့်တပ်၊ ဗဟိုကွပ်ကဲရေးအရာရှိ ဗိုလ်မှူးဇော်မင်းက “ပဏာမ ဆွေးနွေးတဲ့ အခါကျတော့ အခု ကေအန်ယူတပ်တွေနဲ့ ကိုယ်တို့ နယ်ခြားစောင့်တပ်တွေနဲ့ ဒီကုမ္ပဏီနဲ့ အဆင်ပြေပြီ၊ ဒါပေမယ့် ခုနကပြောသလို ဒေသခံတွေသွားပြီးတော့ စည်းရုံးရဦးမယ်၊ ပြောဆိုရဦးမယ်။ သူတို့နဲ့ ပေါင်းစပ်ရမှာပေါ့။ တကယ်လို့ လုပ်ခဲ့ရင်တောင်မှ ဒီကဒေသခံတွေ မနစ်နာအောင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်” လို့ ပြောပါတယ်။

ရတနာစိုင်းကောင်းထက်ကျော်ကုမ္ပဏီ၊ ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက “ကျနော်တို့ကတော့ ဒီလုပ်ထုံးလုပ်နည်းအရတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်ယူရမယ်။ နောက်ပြီးတော့ အခုလက်ရှိဆောင်ရွက်မယ့် ဒီစီမံကိန်းနေရာဟာဆိုလို့ရှိရင် ဘီဂျီအက်ဖ်တို့၊ နောက် ကေအန်ယူ တို့ ထိန်းချုပ်နယ်မြေဆိုတဲ့အခါကျတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ဆောင်ရွက်ဖို့ သဘောတူညီတဲ့ဟာ ရရှိဖို့လည်း လိုအပ်တယ်လို့ ကျနော်က အဲလိုယူဆတယ်။ ဒီနေ့လည်း ကျနော်တို့ ဆွေးနွေးတဲ့အခါမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေ တော်တော်များများလေး ရပါတယ်”လို့ ပြောပါတယ်။

အဲဒီ ဘိလပ်မြေစက်ရုံကို နောက်ဆုံးပေါ်နည်းစဉ်နဲ့ တည်ဆောက်မှာဖြစ်တာကြောင့် ဘိလပ်မြေအတွက် ထုံးကျောက်ကြိတ်ခွဲစဉ်မှာ ထွက်ရှိတဲ့အပူကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၁၅ မီဂ္ဂါဝပ်ထွက်ရှိမယ့် စက်ရုံကိုပါ ပူးတွဲတည်ဆောက်သွားမှာပါ။

အဆိုပါ လျှပ်စစ်ဓာတ်အားဟာ ဒေသတခုလုံးကို လျှပ်စစ်မီးပေးနိုင်လောက်အောင် လုံလောက်မှာဖြစ်ပြီး ဒေသခံ ၅၀၀၀ လောက်ကိုပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013