DVB Logo
Home
နိုင်ငံရေး
ငြိမ်းချမ်းရေး ပါမစ်
DVB
·
September 25, 2018
ငြိမ်းချမ်းရေး ပါမစ်
Donate to DVB

နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ပန်းတိုင် ၃ ရပ်ဆိုပြီး ခုရက်ပိုင်း နိုင်ငံပိုင်သတင်းဌာနက ရက်ဆက်ဖော်ပြလာတာ တွေ့ရတယ်။ နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွား ဘ၀တိုးတက်မြင့်မာရေး၊ နံပါတ်နှစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နံပါတ်သုံးက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး။ တို့တာဝန်အရေးသုံးပါးနဲ့တော့ ကွာတာတွေ့ရပြီး ဒီသုံးချက်ကို လက်ရှိအစိုးရက အဓိကထား အကောင်အထည်ဖော်လုပ်ဆောင်မယ်လို့ နားလည်လိုက်တယ်။

ဒါလည်း အသစ်မဟုတ်ဘဲ ဦးဝင်းမြင့် သမ္မတဖြစ်လာပြီးကတည်းက ပြောခဲ့တဲ့ စကားတွေပဲဖြစ်ပြီး ခုရက်ပိုင်း ပြည်ထောင်စုလွှတ်တော်မှာ အစိုးရက နိုင်ငံအခြေအနေပြ သတင်းစကားပြောဖြစ်လို့ တခါပြန်နွှေးလိုက်ပုံပေါ်တယ်။ အန်အယ်လ်ဒီအစိုးရ တက်ခါစက ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ်နေရာထားခဲ့ရာကနေ အခုတော့ နံပါတ်နှစ်နေရာမှာ ထားလိုက်တာလည်းဖြစ်တယ်။ အစိုးရကတော့ တစ်ရယ်နှစ်ရယ်မဟုတ်ဘဲ ဒီလုပ်ငန်းစဉ်သုံးရပ်ကို တပြိုင်တည်းလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုနေတာဖြစ်ပေမယ့် လတ်တလော ရခိုင်အရေးအပေါ် နိုင်ငံတကာဖိအားတွေက ဒီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ နှောင့်နှေးအောင်လုပ်နေတယ်။ နိုင်ငံအတွက် ဘက်ပေါင်းစုံက ဖိအားတွေ အင်မတန်များနေတဲ့အချိန်ဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူက စက်တင်ဘာ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။ သမ္မတရုံးပြောခွင့်ရသူရဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးပါမစ်အကြောင်း ပြောသွားတာကြားလိုက်ရလို့ နောက်တခါ လာပြန်တဲ့ ငြိမ်းချမ်းရေး ပါမစ်လို့ ဆိုရမယ်။ ဦးဇော်ဌေးပြောသွားတဲ့ ငြိမ်းချမ်းရေးပါမစ်က ဒီလို။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ကားပါမစ်မပေးဖို့ NRPC လို့ခေါ်တဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက မူဝါဒချထားတယ်။ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တပ်ဖွဲ့တချို့နဲ့ ပြည်နယ်အဆင့် လက်မှတ်ထိုးထားကြတဲ့ တပ်ဖွဲ့အချို့က တောထဲမှာ သူတို့ခုတ်ထားပြီး စုပုံထားတဲ့သစ်တွေ ထုတ်ယူခွင့်တင်ပြတာမျိုး ရှိတယ်။ ဒီအခါ NRPC က သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရ သက်ဆိုင်ရာဌာနတွေကို သွားရောက်စစ်ဆေးအတည်ပြုစေတယ်။ ပြီးတော့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ပါဝင်တဲ့ NRPC  မှာ အဖွဲ့အသီးသီးရဲ့ ရပ်တည်ချက်သဘောထားရယူပြီး သစ်ထုတ်ခွင့်ပြုခဲ့တာမျိုး ရှိခဲ့တယ်။ ဒီလိုသစ်ထုတ်ခွင့်ပြုခဲ့တာလည်း တောထဲမှာ ဒီအတိုင်းထားပြီး ဟောင်းနွမ်းဆွေးမြေ့သွားမယ့်အစား အလကာဖြစ်သွားမှာစိုးလို့ ပေးခဲ့တာသာ ဖြစ်တယ်။ နောက်ပိုင်းမှာ တပ်ဖွဲ့အသီးသီးက အလားတူ ထုတ်လုပ်ခွင့် တောင်းဆိုလာတာတွေ ရှိလာလို့ NRPC က ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ ကားပါမစ်နည်းတူ သစ်ပါမစ် မပေးတော့ဖို့ မူဝါဒချခဲ့တယ်။

တိုင်းရင်းသားတပ်ဖွဲ့တို့အနေနဲ့ သူတို့တပ်ဖွဲ့ရပ်တည်ရေးနဲ့ မိသားစုဝင်တွေ စားဝတ်နေရေးအတွက် ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်ချင်ရင် တခြားကုမ္ပဏီတွေလိုပဲ သက်ဆိုင်ရာဥပဒေ နည်းဥပဒေတွေအတိုင်း လုပ်နိုင်တယ်။ ဦးဇော်ဌေးပြောသွားတာ အဓိက နှစ်ချက်တွေ့ရပြီး တချက်က အရင်အစိုးရလက်ထက်လို တိုင်းရင်းသားတပ်ဖွဲ့တွေကို ကားပါမစ်၊ သစ်ပါမစ်ချပေးတာမျိုး မလုပ်ဘူး၊ ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်ချင်ရင် အများသူငါ လုပ်သလိုပဲလုပ်၊ အစိုးရအနေနဲ့တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အခွင့်ထူးခံအဖွဲ့အစည်းတရပ်လို သဘောထားပြီး လုပ်ပေးမှာ မဟုတ်တော့။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နဲ့ ကားပါမစ်ဆိုတာက ၁၉၉၀ ကျော်ကာလကတည်းက ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဖွားဘက်တော်အဖြစ် စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက စစ်အစိုးရနဲ့ အဆင်ပြေတဲ့ တပ်ဖွဲ့တချို့ရဲ့ ကားတွေ ရန်ကုန်လိုမြို့တွေပေါ်ကို နယ်စပ်ကတဆင့် ရောက်လာခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ခေတ်ကောင်းခဲ့တဲ့ ထောက်လှမ်းရေးနဲ့ပေါင်းပြီး ရန်ကုန်ရောက်ခဲ့တဲ့ကားတွေ ၀ယ်စီးတဲ့သူတွေလည်း စီးခဲ့ကြတယ်။ တခါ အစိုးရက တိုင်းရင်းသားတပ်ဖွဲ့တွေထဲက နယ်ခြားစောင့်တပ် ပြောင်းတဲ့အဖွဲ့၊ ပြည်သူ့စစ်ပြောင်းတဲ့ အဖွဲ့တွေကို  ကားပါမစ်တွေ ချပေးတာမျိုးလည်း လုပ်ခဲ့တယ်။ အဲ့ဒီအချိန်က ကားဈေးတွေက မိုးပေါ်ရောက်နေတော့ ကားတစီးလိုင်စင်ဝင်လိုက်ရုံနဲ့ ကျပ်သိန်းထောင်ချီ ရသွားတဲ့ တပ်ဖွဲ့ခေါင်းဆောင်တွေလည်း ရှိခဲ့ဖူးတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ကားပါမစ်ကိစ္စက ထပ်ချပ်မကွာလိုက်ပါလာပြီး တပ်ဖွဲ့တခုကို ကားပါမစ်လိုင်စင် ၁၂၀၊ တချို့အဖွဲ့ကို ၈၀၊ တချို့အဖွဲ့ကို ၆၀ စသဖြင့် ချပေးခဲ့တယ်။ တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က သူတို့ရဲ့ လိုင်စင်မဲ့ကားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးဖို့၊ ဒါမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီသွားတဲ့အခါ တရားဝင် ကားစီးနိုင်မယ်လို့ တောင်းဆိုခဲ့တာကို အစိုးရက လိုက်လျောပေးခဲ့တာဖြစ်တယ်။ တချို့တပ်ဖွဲ့တွေကလည်း လိုင်စင်ရကားတွေပြန်ရောင်ပြီး တခြားအဆင့်နိမ့်ကားတွေ ၀ယ်စီးကာ တပ်ဖွဲ့ ရန်ပုံငွေရှာတာမျိုးလည်း လုပ်ခဲ့တယ်။ ကားလိုင်စင်တွေ ရာနဲ့ချီချပေးခဲ့တာတောင် နည်းနည်းလေးပေးတာ မလောက်လို့ များများကြီး ပေးပါဦးလို့ဆိုပြီး ထပ်တောင်းတဲ့ တပ်ဖွဲ့တွေလည်း ရှိခဲ့ဖူးတယ်။ ဒီဘက် အန်အယ်လ်ဒီအစိုးရ လက်ထက်ရောက်တော့ အစိုးရပေါ်လစီအရ ကားပါမစ် မပေး၊ အခုတခါ သစ်ပါမစ်လည်း မပေးလို့ ဆိုထားလိုက်ပြန်တော့ တပ်ဖွဲ့တို့ဘက်က ဘာတွေ တောင်းဆိုလာကြသလဲ။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက် မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ပေါင်းပြီး စီးပွားရေး ကုမ္ပဏီ ထူထောင်မယ်ဆိုတဲ့သတင်းဟာ သြဂုတ်လလယ်မှာ ထွက်ပေါ်ခဲ့တယ်။ သတင်းတွေအရ ပအိုဝ်းအဖွဲ့ (PNLO)၊ ချင်းအဖွဲ့ (CNF)၊ ရခိုင်အဖွဲ့ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အဖွဲ့တွေဖြစ်တဲ့  DKBA နဲ့ ငြိမ်းချမ်းရေးကောင်စီ (PC) စတဲ့ ခြောက်ဖွဲ့ပေါင်းပြီး စီးပွားရေးလုပ်ကြမယ်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး Public- Private Partnership-PPP လုပ်ငန်းစဉ်တွေကတဆင့် ဒေသခံပြည်သူတွေ အကျိုးရှိမယ့် ကိစ္စဖြစ်လို့ အစိုးရကလည်း ပံ့ပိုးကူညီမယ်ဆိုတယ်။ အပစ်ရပ်တပ်ဖွဲ့ နှစ်ခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့မှာလည်း တစ်ဖွဲ့ချင်းစီက သီးခြားထူထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပြီးဖြစ်တယ်ဆိုတဲ့ သတင်းလည်း တဆက်တည်း ထွက်တယ်။

တတိယပင်လုံလာတက်တဲ့ အပစ်ရပ်စာချုပ်မှာ ပူပူနွေးနွေး လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီက သူတို့တပ်ဖွဲ့ကို သတ္ထုတူးဖော်ထုတ်လုပ်ခွင့်ပေးဖို့ ညီလာခံမှာ တောင်းဆိုခဲ့တယ်။ အလားတူ သတ္ထုတူးဖော်ထုတ်လုပ်ခွင့်ပေးဖို့ တောင်းဆိုထားတဲ့ တပ်ဖွဲ့တချို့ ရှိနေသေးပြီး တချို့လည်း နားလည်မှုနဲ့ စလုပ်နေကြတာတွေလည်း ရှိတယ်။ အစိုးရဘက်ကတော့ အရာရာကို ဥပဒေနည်းဥပဒေတွေအတိုင်းပဲသွားဖို့ သဘောထားပေးထားပြီး လတ်တလောမှာ သတ္ထုတွင်းနည်းဥပဒေ မရှိသေးလို့ အခက်အခဲ ဖြစ်နေတယ်။

 

တိုင်းပြည်ထဲဖြစ်ပေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်ကိုပြန်ကြည့်ရင် အချို့ကြိုက်သူ အချိုကျွေးပြီးပေါင်းသလိုမျိုး ကားပါမစ်၊ သစ်ပါမစ်တွေ ချပေးပြီးလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာ နှစ်ဘက် တိုက်ပွဲတွေပြန်ဖြစ်တာပဲ အဖတ်တင်ခဲ့တယ်။ တိုင်းပြည်ထဲမှာ ကားဈေးတွေ ကမောက်ကမ ဖြစ်တာ အခွင့်ထူးခံတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေ ထွက်ပေါ်ခဲ့တာသာ အဖတ်တင်ပြီး အကျင့်စာရိတ္တတွေလည်း ပျက်စီးခဲ့ကြတယ်။ မိမိဂုဏ်သိက္ခာ၊တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာတို့ကို စောင့်ထိန်းရကောင်းမှန်းမသိဘဲ ကားပါမစ်တွေ ထပ်ထပ်ချပေးဖို့ အရှက်မရှိတောင်းဆိုသူတွေသာ ထွက်ပေါ်စေခဲ့ပြီး ဘယ်အဖွဲ့အစည်းကိုမှ ကောင်းကျိုးမပေးခဲ့သလို (တချို့လည်း ငြိမ်းချမ်းရေးဆင်ကြီးမီပြီး ကြံစုတ်ခဲ့ကြရပါတယ်) စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့လည်း ပါမစ်တွေက မစွမ်းဆောင်နိုင်ခဲ့ဘူး။ ပါမစ်တွေ ဖောဖောသီသီချပေးခဲ့သလိုသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ချေချောမောမောရှိခဲ့ရင် မြန်မာပြည်ငြိမ်းချမ်းတာကြာပေါ့။ တကယ်တမ်းကျ ငြိမ်းချမ်းရေးပါမစ်တွေဟာ တာဝန်ရှိတဲ့ အစိုးရကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးတဲ့ လာလ်လာဘတွေပဲဖြစ်ပြီး လူထုအစိုးရလက်ထက်မှာ ဒီအစဉ်အလာဆိုးတရပ် အပြီးတိုင်ချုပ်ငြိမ်းစေလိုကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013