DVB Logo
Home
နိုင်ငံတကာ
ထိုင်းသံဃာတော်များကို ၁၁ နှစ်သားက ကားဖြင့်ဝင်တိုက်သည့်အမှု တရားမစွဲနိုင်သေး 
DVB
·
July 6, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ မုတ်ဒါဟန်ခရိုင်ထဲမှာ အသက် ၁၁ နှစ်ရွယ် ယောကျ်ားလေးတယောက်က ဒေသ စာရီကြွနေတဲ့ သံဃာတွေကို ကားနဲ့ဝင်တိုက်လို့ သံဃာ ၁၀ ပါး ပျံလွန်တော်မူပြီး အခြားသံဃာတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့အမှုမှာ ၅ ရက် ကြာမြင့်တဲ့ထိ ဘယ်သူ့ကိုမှ တရားစွဲလို့ မရသေးဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဓိကမှာ အဆိုပါ ၁၁ နှစ်သား တကယ် ကားမောင်းတတ်သလား၊ ကားမောင်းတတ်အောင် ဘယ်သူ သင်ပေးသလဲ၊ ကလေးက ကားကို ဘယ်လိုလုပ်ပြီး မောင်းလာသလဲ ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိရဖို့ သက်သေအချက်အလက်တွေ ရှာဖွေနေတယ်လို့  မုတ်ဒါဟ န်ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အာမ်းနတ်ဟန်ချနက သတင်းထောက်တွေကို ပြောပါတယ်။ 

ကလေး ကားမောင်းတဲ့ သက်သေတွေရှာဖွေတာမှာ အခင်းဖြစ်တဲ့နေ့က စီစီကင်မရာတွေ ပြန်စစ်ဆေးရုံတင်မကဘဲ ဒီမတိုင်ခင်က ကလေးနဲ့တကွ သူတို့မိသားစုတွင်း သွားလာလှုပ်ရှားမှုတွေ၊ စီစီကင်မရာမှတ်တမ်းတွေကို နောက်ကြောင်းပြန် ပြန်ရှာကြည့်ရမယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ပြည်သူကို ရှင်းရှင်းလင်းလင်း ချပြရမှာ ဖြစ်တယ်။ ကလေးဟာ အရင်တုန်းက ကားမောင်းခဲ့ဖူးတယ်လို့  ပြောခဲ့တဲ့သူတွေလည်း သက်သေအထောက်အထားနဲ့ ရဲစခန်းမှာ လာပြီး ထွက်ဆိုပေးဖို့ ဖိတ်ခေါ် တယ်လို့  ဒုရဲမှူးကြီးက ပြောပါတယ်။ 

အဆိုပါကလေးဟာ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းချက်ရှိတဲ့ အော်တစ်ဇင်ကလေးတဦး ဖြစ်တာက တကြောင်း၊ ကလေးမှာ အလွန်ထိတ်လန့်နေတာက တကြောင်းမို့ တာဝန်ရှိသူတွေက စစ်ဆေး မေးမြန်းခြင်း တစုံတရာ မလုပ်နိုင်သေးပါဘူး။ 

ကလေးရဲ့ အဘွားဖြစ်သူက အခင်းဖြစ်တဲ့နေ့က ဈေးသွားရောင်းမလို့ ပစ္စည်းတွေပြင်နေတာ၊ ရှေ့ခန်းတံခါး ခဏဖွင့်ထားတယ်၊ ခဏနေတော့ မြေးက ကားပေါ်တက်ပြီး တံခါးကို လော့ခ်ချကာ မောင်းထွက်သွားတယ်၊ အဘွားက ရဲတပ်ဖွဲ့အရေးပေါ်နံပါတ်ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်၊ ၁၀ မိနစ်လောက်အကြာမှာ ယာဉ်တိုက်မှု ဖြစ်ပွားတယ်၊ မြေးဖြစ်သူက အရင်က ကားမောင်းပြီး အဘွားကို ဈေးလိုက်ပို့တဲ့သတင်း မမှန်ကန်ပါဘူး၊ မြေးက ကားမမောင်းတတ်ဘူး၊ ဘယ်လိုလုပ် မောင်းသွားသလဲ ဆိုတာ စဉ်းစားလို့မရဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ကလေးရဲ့ ဆရာမကလည်း သူတို့ကျောင်းမှာ အော်တစ်ဇင်ကလေး ၁၂ ယောက် ရှိတယ်၊ ကားတိုက်မှုဖြစ်တဲ့ ကလေးက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်တတ်ဘူး၊ သူ့ဘာသာသူ နေတယ်၊ ထူးခြားချက်က မှတ်ဉာဏ်ကောင်းတယ်၊ အတုမြင်အတတ်သင်လွယ်တယ်၊ တယ်လီဖုန်းထဲကနေ ဗွီဒီယိုတွေ ကြည့်ရတာ ကြိုက်တယ်။ ကားမောင်းနည်းကို ယူကျူ့ကနေ ကြည့်တာများလားလို့ ပြောပါတယ်။ 

ဒါပေမဲ့ အဆိုပါဟိုင်းလပ်စ်ကားဟာ အော်တိုဂီယာ မဟုတ်ဘူး၊ ဂီယာထိုးတတ်မှ မောင်းလို့ရတယ်၊ ကလေးက ၁၀ ကီလိုမီတာ အကွာအဝေးထိအောင် မောင်းလာနိုင်တာ၊ အုပ်ထိန်းသူတွေက တခါမှ ကားမောင်းမသင်ပေးဖူးဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့လည်း လူမှုကွန်ရက်မှာ အငြင်းပွားနေကြပါတယ်။ 

လတ်တလောမှာတော့ အဆိုပါကလေးကို လုပ်ထုံးလုပ်နည်းအရ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့  လူသားရင်းမြစ်လုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံလူငယ်လေ့ကျင့်ရေးဂေဟာမှာ ထိန်းသိမ်းထားပါတယ်။ 

အခင်းဖြစ်စက ဒဏ်ရရ သံဃာ အပါး ၂၀ နီးပါးရှိပေမဲ့ သက်သာသူတွေ ဆေးရုံဆင်းကုန်ပြီး လက်ရှိ ၇ ပါးသာ ကျန်ရှိကာ ၂ ပါးက အိုင်စီယူအရေးပေါ်ခန်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ 

ယာဉ်မတော်တဆထိခိုက်မှု အာမခံဌာနမှ ပျံလွန်သွားတဲ့ သံဃာတော် ၁၀ ပါးအတွက် တပါးလျှင် ဘတ် ၅၀၀,၀၀၀ နဲ့ ထိခိုက်ဒဏ်ရာရ သံဃာတွေအတွက် တပါးလျှင် ဘတ် ၅၀,၀၀၀  ထက်မပိုတဲ့ ဆေးကုသစရိတ် ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ 

ပျံလွန်သံဃာ ၁၀ ပါးအနက် ၃ ပါးမှာ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေက ဈာပနကျင်းပဖို့ သယ်ဆောင်သွားပြီ ဖြစ်ပြီး ကျန်တဲ့ ၇ ပါးကို‌တော့ မုတ်ဒါဟန်မြို့ ဝပ်နမ့်ခွန်ဘုန်းကြီးကျောင်းမှာ တပြိုင်နက်တည်း မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း မုတ်ဒါဟန်မြို့နယ် နားဝိန်းကယ်ရပ်ကွက်ထဲမှာ ဇူလိုင် ၂ ရက် မနက်က အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတယောက် အုပ်ထိန်းသူတွေ မသိအောင် ကားခိုးမောင်းရင်း ဒေသစာရီကြွချီနေတဲ့ လမ်းဘေးက သံဃာ အပါး ၃၀ ကျော်ကို  ဝင်တိုက်မိတာကြောင့် သံဃာ ၁၀ ပါး ပျံလွန်သွားပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။ 

Source: GROnline / CH8 Thai TV News / ThaiPBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013