DVB Logo
Home
မြန်မာသတင်း
ရခိုင်လူငယ် ၈ ဦးကို အချုပ်ထောင်ကအထွက် ရဲကထပ်မံဖမ်းဆီး
DVB
·
September 25, 2018
ရခိုင်လူငယ် ၈ ဦးကို အချုပ်ထောင်ကအထွက် ရဲကထပ်မံဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အဓိကရုဏ်းဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့  လူငယ် ၈ ဦးကို မနေ့ကလွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရမှာဖြစ်ပေမယ့် နိုင်ငံတော်အလံ ဥပဒေနဲ့ ထပ်မံစွပ်စွဲပြီး ပြန်လည်ဖမ်းဆီးထားလိုက်ပါတယ်။

ရခိုင်လူငယ် ၈ ဦးကို မနေ့က စစ်တွေမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၄၅ နဲ့ စွဲချက်တင်ခဲ့ပြီး စွပ်စွဲခံရသူတွေက အပြစ်ရှိတယ်လို့ ဝန်ခံတဲ့အတွက်သူတို့ကို ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခဲ့တာပါ။

အမိန့်အရ ချုပ်ရက်တွေကို ထုတ်နုတ်ကျခံရမှာဖြစ်တဲ့အတွက် ချုပ်နှောင်ကာလ ၈ လပြည့်မြောက်ပြီးလို့ သူတို့ ၈ ယောက်ကို လွှတ်ပေးရမှာဖြစ်ပေမယ့် နိုင်ငံတော်အလံ ဥပဒေပုဒ်မ (၆)နဲ့ ထပ်မံစွပ်စွဲပြီး ညနေ ၇ နာရီလောက်မှာ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးသွားခဲ့ပါတယ်။

လူငယ်တွေရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ''အဲဒီနေ့က ဖြစ်ခဲ့တဲ့ကိစ္စမှာ သက်သေ ၁၄ ယောက်မှာ ၁၁ ယောက်ကို စစ်တယ်။ ဒီကလေးတွေဟာ အလံကိစ္စကို ကျူးလွန်တယ်ဆိုတဲ့ သက်သေ တစွန်းတစမှ မရှိဘဲနဲ့ ဘယ်သက်သေ အသစ်တွေဖန်တီးပြီးတော့ ချုပ်မလဲ။ အမှုတခုမှာ ရဲလုပ်ငန်းတွေ အားလုံး စီစဉ်ပြီးလို့ ဥပဒေအကြံပေးတင်ပြီးမှ တရားစွဲရတာ။ ဒီကိစ္စကို ရဲလုပ်ငန်းလုပ်တုန်းက ပြီးစီးအောင် ဘာလို့မဆောင်ရွက်ခဲ့တာလဲ။ ပြစ်ဒဏ်ကျခံပြီး လွတ်ရမယ့်နေ့မှာမှ ပြန်ဖမ်းတယ်ဆိုတာ တော်တော်ကိုပဲ ရက်ရက်စက်စက် မတော်မတရား လုပ်လိုက်တာ" လို့ ပြောပါတယ်။

သူတို့ကို တရားစွဲစဉ်က ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)နဲ့ စွဲတင်ခဲ့ပြီး သက်သေတွေ စုံလင်အောင် စစ်ဆေးပြီးတဲ့အခါ ဒီကလေးတွေက ဖျက်ဆီးခဲ့တယ်ဆိုတာ မပေါ်ပေါက်ခဲ့တဲ့အတွက် လူစုလူဝေးမှာ ပါဝင်ခဲ့တယ်ဆိုတာကိုပဲ စွဲချက်တင်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၅ အရ အမိန့်ချခဲ့တာလို့ သိပါတယ်။

အမိန့်ချပြီး လွှတ်ပေးရမယ့် အချိန်ကျော်လွန်ပြီးမှ အခုလိုပြန်လည်ဖမ်းဆီးသွားတဲ့အတွက် ချုပ်နှောင်ထားတဲ့ အမှတ်(၁) ရဲစခန်းမှာ အကျိုးဆောင်ရှေ့နေတွေက ဖမ်းဆီးခံရထားသူတွေကို တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း တွေ့ခွင့်မရခဲ့ပါဘူး။

အဲဒီလို ထပ်မံဖမ်းဆီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ကလည်း လိုသလို တိုက်တွန်းဆောင်ရွက်သွားမယ်လို့ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းကလည်း ပြောပါတယ်။

အခုလို ဖမ်းဆီးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

လူငယ်တွေ ထပ်မံဖမ်းဆီးခံရကြောင်း သိရှိရတဲ့အတွက် လာရောက်ကြည့်ရှုသူတွေ စုဝေးလာတဲ့အတွက် စစ်တွေအမှတ်(၁)ရဲစခန်းရှေ့မှာတော့ ရဲလုံခြုံရေးအင်အား အများအပြား ချထားခဲ့ရပါတယ်။

အခုလူငယ် ၈ ဦးကို ဖမ်းဆီးစဉ်ကလည်း ရရှိထားတဲ့ သေနတ်ဒဏ်ရာတွေ မသက်သာသေးပဲ ဆေးရုံကနေ ဖမ်းဆီးသွားခဲ့တဲ့အတွက်လည်း ဝေဖန်မှုတွေ ရှိခဲ့တာပါ။ ချုပ်နှောင်ခံရတာ ၈ လကြာတဲ့အထိ ရရှိခဲ့တဲ့ သေနတ်ဒဏ်ရာတွေက အခုအချိန်အထိ မကောင်းသေးဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ ကျင်းပမယ့် ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံ အချုပ်အချာအာဏာ ကျဆုံးခြင်း ဝမ်းနည်းခြင်းအခမ်းအနားကို အာဏာပိုင်တွေ တားမြစ်ရာက ဖြစ်ပေါ်ခဲ့ရတဲ့ ဆန္ဒပြမှုမှာ ၇ ယောက်သေဆုံးပြီး ဒဏ်ရာရတွေလည်း ရှိခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ- ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013