DVB Logo
Home
မြန်မာသတင်း
ရှမ်းကျားခေါင်းပါတီ ပြင်ဦးလွင်တွင် မဲဆွယ်စည်းရုံးစဉ် ဟန့်တားခံရ
DVB
·
September 24, 2018
ရှမ်းကျားခေါင်းပါတီ ပြင်ဦးလွင်တွင် မဲဆွယ်စည်းရုံးစဉ် ဟန့်တားခံရ
Donate to DVB

လာမယ့် နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေးခံဖို့ နယ်မြေထဲ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးနေတဲ့ ကျားခေါင်းပါတီ ခေါ်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဟာ ဟန့်တားခံခဲ့ရပါတယ်။

မန္တလေးတိုင်းဒေသကြီးက လစ်လပ်နေတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ အတွက် ဝင်ရောက်အရွေးခံဖို့ ပြီးခဲ့တဲ့အပတ်က ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာတွေထဲ စည်းရုံးရေးဆင်းစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဟန့်တားခံခဲ့ရတာလို့ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်တပတ်က ကျနော်တို့ ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကြီးကျေးရွာကို စည်းရုံးရေး ဆင်းတယ်၊ ရွာသားတွေက ကျနော်တို့ကို ကြိုဆိုဖို့ အိုးစည်ဗုံမောင်းတွေ တီးတယ်ခင်ဗျ။  အဲဒီ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူလွှတ်ပြီးလာတားတယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ တီးတာလည်း မတီးရဘူးလို့ လာပြောတယ်၊ ကျနော်တို့ ဟောပြောပြီးသွားတဲ့ခါ အုပ်ချုပ်ရေးမှူးက သူ့အမိန့်ကို ပမာမခန့်လုပ်လို့ဆိုပြီး ရွာသား ၂ ယောက်ကို ဆင့်ခေါ်တယ်။ အဲဒါနဲ့ ကျနော်တို့ဘက်က ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဖုန်းဆက်လိုက်တယ်။ အန်အယ်လ်ဒီပါတီလာတုန်းက လည်း ဗုံမောင်းတီးပြီးကြိုကြတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးလာတော့လည်း အဲလိုပဲ ဗုံတီးကြိုကြတယ်။ ကျနော်တို့ ရှမ်းပါတီက ဗုံတီးတော့ အဲဒီလို ဟန့်တားခံရတာ။ မဲဆန္ဒရှင်တွေကို သွယ်ဝိုက်တဲ့ နည်းနဲ့ ခြိမ်းခြောက်တာလားလို့ မေးလိုက်ပါတယ်။”

အဲဒီနောက် ရွေးကောက်ပွဲကော်မရှင်ကလည်း မဖြစ်သင့်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဆီ အကြောင်းကြားပြီး မြို့နယ်မှူးကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဆီ ပြန်မေးရာမှာ ဗုံတီး မယ့်အကြောင်း ကြိုတင်အကြောင်းမကြားထားလို့ ဟန့်တားရတာလို့ ပြန်ပြောတယ်လို့ ဆိုပါ တယ်။

နောက်တနေ့ ညောင်သာယာကျေးရွာမှာ စည်းရုံးရေးဆင်းပြီး အိမ်တွေမှာ ကျားခေါင်း ပါတီ တံဆိပ်ပါ စတစ်ကာတွေ ကပ်ပေးခဲ့ကြောင်း၊ သူတို့ပြန်လာပြီး မကြာခင်မှာဘဲ အန် အယ်လ်ဒီအဖွဲ့ဝင်ရွာသားတဦးက သူ့တို့အိမ်ကိုရောက်လာပြီး ကျားခေါင်းပါတီ စတစ်ကာပြန်ခွာ ခိုင်းကြောင်း၊ အိမ်ရှင်က ခွာမပေးလို့ အချင်းများခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စလည်း ရွေးကောက်ပွဲကော်မရှင်ဆီ တိုင်ကြားဖို့ လာရောက်ဟန့်တားသူအမည်နဲ့ ပါတီဝင်အမှတ် စာရင်းကောက်ခိုင်းထားတယ်လို့ သူကဆက်ပြောပါတယ်။

ဒီမတိုင်ခင် အဲဒီရွာမှာ မဲပေးပိုင်ခွင့်ရှိသူ မြန်မာစုစုပေါင်း ၅ဝ၃ ဦးရှိပြီး ဆန္ဒမဲပိုင်ရှင်တွေက သူတို့အမည်တွေ သွားစစ်တော့ ရှမ်း - မြန်မာလို့ရေးထားတာကြောင့် လူဦးရေအမည်ပြန်ပြင်ရာ မှာ မြန်မာမဲဆန္ဒရှင်ဦးရေ ၁ဝဝ ကျော်လျော့သွားလို့ ဒီကိစ္စပေါ် မကျေနပ်တာလည်း ဖြစ်နိုင်တယ်လို့ ဦးစိုင်းလိတ်က ပြောသွားပါတယ်။

လစ်လပ်နေတဲ့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး (၁) နေရာမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီမှ ဒေါ်နန်းထွေးမှုံ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် (SNDP) ကျားဖြူပါတီမှ ဒေါက်တာစိုင်းကျော်အုန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခွပ်ဒေါင်းပါတီမှ စိုင်းပန်းဆိုင် ခေါ် စိုင်းထွန်းစိန် ခေါ် ဦးကျော်စိန်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းအောင်ကြည် နဲ့ မန္တလေး တိုင်းစည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးအောင်ဌေးတို့က တစ်သီးပုဂ္ဂလအနေနဲ့  ဝင်ရောက်အရွေးချယ်ခံကြမှာဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013