
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တရုတ်နိုင်ငံရဲ့ စတုတ္ထမြောက် အဆင့်အမြင့်ဆုံး အရာရှိကြီးဖြစ်သူ ဝမ်ဟူနင်းနဲ့ ပြုံယမ်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံ KRT သတင်းဌာနက ဇူလိုင် ၁၇ ရက်မှာ သတင်းထုတ်ပါတယ်။
ဝမ်ဟူနင်း ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားရဲ့ ဖိတ်ကြားချက်အရ ဇူလိုင် ၁၅ ရက်ကတည်းက ပြုံယမ်းကို ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ ဇွန်လတုန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သက်တမ်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်တဲ့ မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ ပေကျင်းနဲ့ ပြုံယမ်း အကြား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်တဲ့ လတ်တလောအဖြစ်ဆုံး ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာနေတဲ့အချိန်မှာ တရုတ်နိုင်ငံဟာ သူတို့ရဲ့ မဟာမိတ်ဟောင်းအပေါ် ဩဇာလွှမ်းမိုးမှု ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းမှုကို ပြသနေတာလည်း ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ကင်မ်နဲ့ ဝမ်ဟူနင်းတို့ ၂ ယောက်စလုံးက သမ္မတ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်အတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။
အဆင့်မြင့်အရာရှိကြီးတွေရဲ့ ခရီးစဉ်တွေကတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ရှီကျင့်ဖျင်နဲ့ တို့က သဘောတူခဲ့ကြတယ်လို့ KRT ကသတင်းထုတ်ပါတယ်။
ဒါ့အပြင် ဝမ်ဟူနင်း ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တရုတ်စစ်သည်တော်များ အထိမ်းအမှတ်ဗိမာန်၊ အလုပ်သမားပါတီ ကေဒါသင်တန်းကျောင်းနဲ့ ကင်အီလ်ဆွန်း၊ ကင်မ်ဂျုံအီလ် တို့ရဲ့ ရုပ်ကလာပ်တွေကို ထိန်းသိမ်းထားတဲ့ ဂွန်မ်ဆူဆန် နေနန်းတော် တို့ကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ မြောက်ကိုရီးယား သတင်းမှာ ဖတ်ကြားသွားပါတယ်။










