DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် ကျွဲများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွား
DVB
·
September 23, 2018
မင်းပြားမြို့နယ်တွင် ကျွဲများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွား
1 / 7
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်း အိုးပျဉ်းတောင်ကျေးရွာအနီးနဲ့ ရိုးမတောင်တွေမှာ ကျွဲတွေ အစုအလိုက်အပြုံလိုက်သေဆုံးမှု​တွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။

အခုလို ကျွဲတွေသေဆုံးနေတာဟာ တပတ်ကျော်ကြာခဲ့ပေမယ့် မနေ့က ကျွဲ အကောင် ၅၀ လောက် ရွှေကျင် ကျေးရွာတောင်ရဲ့အနီးတဝိုက် အမ်းအိုင်နဲ့ တောင်ခြေအောက်တွေမှာ သေဆုံးမှုတွေ ဖြစ်ပွားနေတယ်လို့ အိုးပျဉ်းတောင်အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်နီချေက ဒီဗွီဘီကို ပြောပါတယ်။

“ဒီဘက်မှာက ကျွဲတွေ သေဆုံးတာကတော့ အကောင် ၅၀ ကျော်ရှိနေပြီ၊ ဒီထက်လည်း များနိုင်တယ်။ ဒီကြားထဲမှာ ပိုင်ရှင်တွေရှင်မတွေ ကျွဲတွေရှိသေးတယ်။ ရေအိုင်တွေမှာ အကောင် ၃ ကောင်ကနေ ၁၀ ကောင်အထိ အစုလိုက်အပြုံလိုက် သေဆုံးနေတာတွေရှိတယ်။ တောင်တွေမှာ ဒီလ ၁၁ ရက်နေ့ ၁၂ ရက်နေ့ စတာတွေ့တာပါ။ ရွှေကျင်အုပ်စု စားကျက်မြေ အနားမှာရယ်၊ နောက်ပြီး တောင်တွေ ရေအိုင်တွေမှာ သေဆုံးနေတာတွေ တွေ့တယ်”လို့ ပြောပါတယ်။

အခုလိုသေဆုံးနေတဲ့ ကျွဲတွေကိုယ်တွေပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတာ မတွေ့ရဘဲ ရေအိုင်နဲ့ တောတောင်တွေရဲ့ ဝါးရုံအနီးအနားမှာ သေဆုံးနေတာလို့ သွားရောက်ကြည့်ရှုသူ ဒေသခံတွေက ပြောပါတယ်။

အိုပျဉ်းတောင်အနီး တော၊ တောင်တွေမှာ ကျွဲတွေသေဆုံးမှုဖြစ်ပေါ်နေတဲ့ နေရာကို သွားရောက်နေတယ်လို့ မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က အခုလို ကျွဲတွေ သေဆုံးတာနဲ့ပတ်သက်လို့ အဲ့ဒီနေရာကို သွားနေပါတယ်။ တောင်ကို ခြေလျင်တက်ရမှာဖြစ်တယ်။ အတက် ၂ ရက်၊ အဆင်း ၂ ရက်လောက်တော့ ကြာမယ်။ အဲ့ဒီနေရာကိုရောက်မှာပဲ အသေးစိတ်အခြေအနေကို ပြောပြလို့ရမယ်။ ကျနော် ခန့်မှန်းခြေ ပြောနိုင်တာကတော့ ကူးစက်ရောဂါတခုခုရယ်။ နောက်ပြီး၊ အဆိပ်တခုခုလို့ ပြောလို့ရမယ်” လို့ပြောပါတယ်။

သေဆုံးသွားတဲ့ ကျွဲတွေရဲ့ အစိတ်အပိုင်းနမူနာတခုခုနဲ့ ရေတွေနမူနာကို ပြည်နယ်ကို ပို့ဆောင်ပြီးမှ အဖြေတခုခုကို အတိအကျပြောပြလို့ရနိုင်မယ်လို့ ဒေါက်တာချစ်ဦးလွင် ကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ စာရင်းဇယားနဲ့ ဓာတ်ပုံအရ ၁၀ ကောင်လောက် သေဆုံးတာတွေ့ရှိရပြီး ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွေမှာလည်း ကျွဲနွားတွေ ခွာနာလျှာနာကျလို့ သေဆုံးမှုတွေ မကြာသေးခင်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013