DVB Logo
Home
ပညာရေး/နည်းပညာ
စေတနာရှင်တွေကို မျှော်နေရှာတဲ့ ချစ်စရာကောင်းသော မြူးရာ
DVB
·
September 23, 2018
စေတနာရှင်တွေကို မျှော်နေရှာတဲ့ ချစ်စရာကောင်းသော မြူးရာ
1 / 5
Donate to DVB

“သူတို့မှာ အများတွေလို အခွင့်အရေးတန်းတူ ရှိပေမယ့် အခွင့်အရေး မရကြဘူး။ ဒါကြောင့် သူတို့တွေကို ကျနော် တတ်နိုင်သမျှ ကူညီချင်တယ်” လို့ မြူးရာကို စတင်တည်ထောင်ခဲ့သူ ဦးနောလ်အုပ်က ပြောပါတယ်။

မြူးရာ ဆိုတာကတော့ ကလေးမြို့ ချင်းပြည်နယ် တမူး စတဲ့ ထိစပ်ဒေသက နားမကြားကလေးငယ်တွေကို စာသင်ပေးနေတဲ့ နားမကြားကျောင်းတကျောင်း ဖြစ်ပါတယ်။

မြူးရာဆိုတဲ့ ကျောင်းလေးကို ရောက်ဖြစ်တော့ ကျောင်းဝင်းထဲ ၀င်လိုက်တယ်ဆိုရင်ပဲ တခြားကျောင်းတွေနဲ့မတူ တိတ်ဆိတ်နေတယ်။ ကလေးတွေ မရှိကြဘူးလို့ ထင်နိုင်စရာပါပဲ။ ဒါပေမယ့် စာသင်ခန်းဘက်ရောက်တော့ စာသင်နေတဲ့ ဆရာ ဆရာမတွေ ကလေးတွေကို အဖြူအစိမ်းလေးတွေနဲ့ ကလေးငယ်တွေဆို ပါးမှာ သနပ်ခါး ပါးကွက်လေးတွေနဲ့ သပ်သပ်ရပ်ရပ် တွေ့ရတယ်။ သူတို့ နားမကြားလို့ ဘာသာဗေဒ ခြေဟန်လက်ဟန်နဲ့ စာသင်နေကြတဲ့အတွက် အသံက တိတ်ဆိတ်နေတာပဲ ဖြစ်ပါတယ်။

မြူးရာကို ၂၀၀၅ ခုနှစ်က စတင်ခဲ့ပြီး မြူးရာမှာ လိုအပ်ချက်တွေနဲ့ ချည့်နဲ့နဲ့ ရပ်တည်နေတဲ့ ကလေးမြို့ရဲ့ ချောင်ကျကျ တနေရာမှာ တည်ဆောက်ထားတဲ့ ကျောင်းလေးပဲ ဖြစ်ပါတယ်။ မြူးရာမှာ အဆောင် သုံးခု ရှိပါတယ်။ စာသင်ဆောင်၊ ကျားလူနေဆောင်နဲ့ စားဖိုဆောင်တို့ပဲ ဖြစ်ပါတယ်။

“အဓိကကတော့ ဒီကျောင်းလေးကို ပုံသေမရှိတဲ့ အလှူငွေတွေနဲ့ ရပ်တည်နေတယ်။ အလှူရှင်တွေလှူတဲ့ ငွေနဲ့ ကျောင်းဆရာ ဆရာမတွေကို လစာပေးတယ်။ ထမင်းချက်နဲ့ အ၀တ်လျှော်တာကအစ လစာပေးရတယ်” လို့  ဦးနော်လ်အုပ်က ဆက်ပြောပါတယ်။

မြူးရာဆိုတဲ့ နားမကြားကျောင်းလေးမှာ ကျောင်းသူ ၂၃ ယောက်နဲ့ ကျောင်းသား ၁၆ ယောက် လက်ရှိမှာ စသင်ပေးနေပြီး kg တန်းကနေ ဆဌမတန်းအထိကို ဆရာ ၆ ဦးက ပညာသင်ပေးနေတာဖြစ်ပါတယ်။

“စာသင်ရတာတော့ အခက်အခဲမရှိပါဘူး။ အဓိက က စာသင်ဆောင် လိုအပ်နေပါတယ်။ ခုဆို စာသင်ဆောင်က တဆောင်တည်းရှိတာ၊ အခန်းက ၃ ခန်း၊ ၁ ခန်းကို ၂ တန်းပေါင်း ၃ တန်းပေါင်း သင်ပေးနေရတယ်။ နားမကြားသူကို သင်ပေးရတာဆိုတော့ ဆူညံတာတော့ မရှိဘူး။ ဒါပေမယ့် သူတို့က နားမကြားပေမယ့် အမြင်က ပိုကောင်းတော့ ဒီဘက်က သင်ရင် ဟိုဘက်က ဒီဘက်ကို ကြည့်တယ်။ အဲ့အခါ ကိုက အော်ပြောလို့လည်းမရ ဒီလောက်တော့ ခက်ခဲနေတယ်” လို့ နားမကြားကလေးငယ်တွေကို စာသင်ပေးနေတဲ့ ဆရာမတဦးက ပြောပါတယ်။

ကလေးမြို့ရဲ့ အရှေ့အနောက်သွယ်တန်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြို့ထဲဘက်က လာမယ်ဆိုရင် ကလေးဘူတာ လမ်းခွဲ မီးပွိုင့်အကျော် သုံးလမ်းမြောက်လောက်မှာ ရှိတဲ့ ဗိုလ်ဂျွန်ဘိ လမ်းလေးထဲမှာ မြူးရာ နားမကြားကျောင်းဟာ တည်ရှိနေပါတယ်။ ကျောင်းအ၀င်မှာတော့ ဆိုင်းဘုတ်လေးတပ်ဆင်ထားပါတယ်။ ရပ်ကွက်ကတော့ စမ်းမြို့ရပ်ကွက် နယ်မြေ (၆) မှာ ဖြစ်ပါတယ်။

“ကလေးတွေ အတွက်ကိုတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး စတာတွေကို မိဘတွေက ပေးတာ။ ကျန်တဲ့ အစားအသောက်၊ အနေအထိုင်၊ အ၀တ်အစားနဲ့ အသုံးအဆောင်တွေကိုတော့ ကျနော်တို့ အလှူငွေထဲကပဲ တာဝန်ယူ ဖြေရှင်းပေးတာ ဖြစ်တယ်။ ၁ နှစ် စရိတ် သိန်း ၁၅၀ လောက် ရှိတယ်” လို့ ဦးနော်လ်အုပ်က ဆိုပါတယ်။

မြူးရာ နားမကြားစာသင်ကျောင်းဟာ အခုနှစ် အစပိုင်းမှာပဲ လူမှုဝန်ထမ်းဦးစီးဌာနကပေးတဲ့ လက်မှတ်ရရှိတဲ့ ကျောင်းဖြစ်ပြီး ရန်ပုံငွေ အခက်အခဲနေပြီး ဆရာ ဆရာမလည်း ပြည့်စုံလုံလောက်မှု မရှိ ဖြစ်နေတာကို တွေ့ရပါတယ်။

“ဆရာငှားတဲ့အခါ ဘွဲ့ရ ၁ သိန်းနဲ့ ဘွဲ့မရတဲ့လူကို ၈ သောင်းလောက်ပဲ ပေးနိုင်တယ်။ ကလေးတွေ အ၀တ်လျှော် ချက်ပြုသူတွေကိုတော့ ၉ သောင်းလောက်ပေးရတယ်။ တခါတခါ ကလေးငယ်တွေကို နေ့လယ်စာ ညနေစာ တရက်တာ အစားအစာ အလှူပေးတဲ့သူတွေ ရှိတယ်။ သူတို့တွေအတွက်တော့ ၆၀၀၀၀ ကျပ် လှူလည်း လောက်အောင် လုပ်ပေးရတယ်” လို့ ဆရာတဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ခုလို နားမကြားသူတွေကျောင်း ၃ ကျောင်းသာ ရှိတဲ့အထဲက တတိယမြောက် ကျောင်းတကျောင်းဖြစ်ပြီး ကလေးငယ်တွေ ပညာသင်ကြားရေး နေရေးထိုင်ရေးအတွက်လည်း ကျောင်းဆောင်နဲ့ သန့်စင်ခန်းတွေကအစ လိုအပ်နေတဲ့ ကျောင်းလေးပါပဲ။

“ကျောင်းသားက တဖြည်းဖြည်းများလာတယ်။ လာအပ်သူတွေကိုလည်း မငြင်းရက်ဘူး။ ဒီတော့ နေထိုင်ဖို့အဆောင်အဦ လိုအပ်နေတယ်။ သန့်စင်ခန်းတွေဆိုလည်း ကျားမ ပေါင်းထားရတယ်။ အဆင်မပြေဘူး” လို့ ဦးနော်လ်အုပ်က ပြောပါတယ်။

မြူးရာဟာ ချစ်စရာကောင်းတဲ့ ကလေးငယ်တွေနဲ့ တိတ်ဆိတ်နေတဲ့ ကျောင်းလေးတကျောင်းဖြစ်ပြီး “အားငယ်သူကို အားပေးပါ” ဆိုတဲ့ စကားအတိုင်း အားငယ်သူတွေကို နိုင်ရာဝန်ထမ်းပြီး အားပေးနေတဲ့ ကျောင်းလေးတကျောင်းလည်း ဖြစ်ပါတယ်။ နားမကြားသူတို့ရဲ့ အနာဂတ်အတွက် အလင်းရောင်တွေနဲ့ မျှော်လင့်ချက်တွေကို မြေတောင်မြှောက်ပေးနေတဲ့ နေရာတခုဆိုလည်း မမှား။

မြူးရာဟာ သူ့ရဲ့ လိုအပ်ချက်အတွက် ရန်ပုံငွေရရေး ကျောင်းစားဖိုဆောင်နဲ့ နည်းနည်းဝေးတဲ့ နေရာမှာ ၀က်မွေးခြံလေးနဲ့ ၀က် ၃ ကောင်လောက်ကိုလည်း နှစ်စဉ်မွေးမြူနေပါတယ်။ ကလေးငယ်တွေရဲ့ စားကြွင်းကျန်တွေကို ၀က်စာကျွေးတာပါ။ ၀က်လေးတွေ ကြီးလာလို့ ရောင်းရတဲ့ ငွေတွေကလည်း ကလေးငယ်တွေရဲ့ အနာဂတ်အသစ်အတွက် တဖက်တလမ်းက အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်။

“တချို့ကလေးတွေကျတော့ စာဘက် သိပ်အားမပါဘူး။ ဒါကြောင့် သူတို့ကို လက်မှုပညာ သင်ပေးမယ်။ ဒါကြောင့် လက်ရှိ ရက်ကန်းစင်လေး ၂ ခုလောက် မှာထားတယ်။ သူတို့ကို သင်ပေးဖို့” လို့ ဦးနောလ်အုပ်က ပြောပါတယ်။

ရက်ကန်းစင်နေရာကိုတော့ ကျောင်းအနောက်ကပ်ပြီး အဆောင်နဲ့တွဲကာ တိုင်လေးတွေနဲ့ သွပ်ပြားမိုး အကာမရှိ နေရာတခု ကြိုတင်စီးစဉ်ထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ နားမကြားကလေးငယ်ပေါင်း ၇ သိန်းလောက် ရှိနေတယ်လို့လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။ ဒီထဲကမှ ရန်ကုန် မေရီချက်စမင်း နားမကြားကျောင်း၊ မန္တလေး နားမကြားကျောင်းနဲ့ ကလေးမြို့ မြူးရာ နားမကြားကျောင်း ကလေးငယ်တွေ စာရင်းအရ စာသင်ခွင့်ရတဲ့ ကလေးတွေဟာ ၁ သိန်းတောင် ပြည့်မယ် မထင်ပါဘူး။

“ဆရာ ဆရာမတွေကို ၁ နှစ် သီးသန့်သင်တန်းပေးရသေးတယ်။ အစိုးရ ဆရာမတွေ လစာတိုးတော့ ဒီက ဆရာ ဆရာမတွေက အစိုးရ ဆရာပဲ လျှောက်ကြတယ်။ ဒီတော့ ဆရာ ဆရာမလည်း ခက်ခဲမှုရှိတယ်” လို့ ဆရာတဦးက ပြောပါတယ်။

ဘယ်လိုပဲ အခက်အခဲရှိနေနေ ရတာလေးနဲ့ ၀အောင်စား ရှိတာလေးနဲ့ လှအောင်ဝတ်နေတဲ့ မြူးရာကတော့ သိပ်ကို ချစ်စရာကောင်းနေပါတယ်။

“ကျနော့်မွးနေ့အတွက် လှူတာပါ။ သူငယ်ချင်းတွေနဲ့ ဆိုင်တက် ပြုစုဖို့ ရည်ရွယ်ထားပေမယ့် ဒီကျောင်းသတင်းလေးကြားတော့ စိတ်ပြောင်းသွားတယ်။ အပြင်မှာ ကျနော့် မွေးနေ့ကို သောက်စားကြမယ့်အစား ဒီမှာ ကလေးငယ်တွေနဲ့နေ့လယ်စာ ထမင်းကျွေးရင်း မွေးနေ့ကို ဖြတ်သန်းလိုက်တယ်” လို့လည်း မြူးရာမှာ မွေးနေ့အာဟာရ အလှူပြုခဲ့တဲ့ လူငယ်တဦးက ဆိုပါတယ်။

မြူရာဟာ ချစ်စရာကောင်းပေမယ့် ချိနဲ့စွာ ရပ်တည်နေရပါတယ်။ စေတနာရှင်တွေကို မျှော်လင့်နေပါတယ်။ နားမကြားသူ ကလေးငယ်တွေရဲ့ အနာဂတ်တွေကို ကျနော်တို့ တတ်နိုင်သမျှ ကူညီလိုရင်း စေတနာရှင်တွေကိုလည်း ဒီဆောင်းပါးလေးနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။

 

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013