
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကိုယ်စား ဗြိတိန်နိုင်ငံမှာရှိတဲ့ အတိုက်အခံ သတင်းထောက်တွေကို သူလျှိုလုပ် စောင့်ကြည့်ထောက်လှမ်းခဲ့တဲ့ အီရန်အမျိုးသား ၂ ယောက်ကို ပြစ်မှုထင်ရှားကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဗြိတိန်နိုင်ငံအတွင်း အီရန်ရဲ့ လှုပ်ရှားမှုတွေ ပိုမိုများပြားလာတာကို ပြသနေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဝူးလ်ဝစ်ချ်ခရောင်းန် တရားရုံးမှာ ပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုအတွင်း အသက် ၄၁ နှစ်အရွယ် မိုစ်တာဖာ ဆီပါဗန်ဒ်ကို ပြစ်မှု ၂ ခုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သလို အသက် ၄၆ နှစ်အရွယ် ဖာဟတ် ဂျာဗာဒီ မာနက်ရှ်ကိုလည်း ပြစ်မှု တခုနဲ့ ဗြိတိန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အက်ဥပဒေ အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အီရန် အပါအဝင် နိုင်ငံခြားအစိုးရတွေထံက ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ၂၀၂၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလုံခြုံရေး အက်ဥပဒေအရ အီရန်နိုင်ငံသားတွေ ပြစ်မှုထင်ရှား စီရင်ခံရတာဟာ အခုအကြိမ် ပထမဆုံးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ တရားခွင်မှာ တရားလိုရှေ့နေတွေရဲ့ ပြောကြားချက်အရ ဆီပါဗန်ဒ်နဲ့ မာနက်ရှ်တို့ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လကနေ ၂၀၂၅ ခုနှစ် မတ်လအတွင်း အီရန်အစိုးရကို ဝေဖန်လေ့ရှိတဲ့ ပါရှန်းဘာသာစကား ရုပ်သံလိုင်းတခုဖြစ်တဲ့ Iran International မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေကို စောင့်ကြည့်ထောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဘက်ကတော့ ထောက်လှမ်းရေးလုပ်ငန်းတွေ ဒါမှမဟုတ် အလားတူ လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရက်ဂ်ချီ ကလည်း ၂၀၂၅ ခုနှစ် မေလအတွင်း ဆီပါဗန်ဒ်နဲ့ တခြားသူတွေ ဖမ်းဆီးခံခဲ့ရမှုအပေါ် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ပြောကြားခဲ့ဖူးပါတယ်။
Source: Reuters











