DVB Logo
Home
မြန်မာသတင်း
မူးယစ်သတင်း တိုင်ကြားသူကို သမ္မတအပါအ၀င် ၃ ဦးသာသိဟု ဦးဇော်ဌေးပြော
DVB
·
September 22, 2018
မူးယစ်သတင်း တိုင်ကြားသူကို သမ္မတအပါအ၀င် ၃ ဦးသာသိဟု ဦးဇော်ဌေးပြော
Donate to DVB

နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်သတင်းတိုင်ကြားသူကို သမ္မတအပါအဝင် ၃ ယောက်ပဲ သိတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က နိုင်ငံတော်သမ္မတအိမ်တော်မှာ လုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောတာဖြစ်ပြီး အဓိက ရောင်းချနေသူတွေကို တိုင်စေချင်တယ်လို့ ပြောပါတယ်။

သမ္မတရုံးရဲ့ မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနကို သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးစီးပြီး သမ္မတဆီ တိုက်ရိုက်တင်ပြတာလို့ ပြောပါတယ်။

“တိုင်ကြားသူကိုလည်း ကျနော်တို့က လျှို့ဝှက်ထားတယ်။ ဘယ်သူတိုင်တယ်ဆိုတာ ဒီက ကိုင်တွယ်တဲ့သူ သုံးယောက်လောက်ပဲသိတယ်။ သမ္မတကြီး အပါအဝင်။ ပြည်ထဲရေးမသိဘူး။ ကျနော်တို့ မသိဘူး။ ဒီသတင်း ဘယ်ကလာလဲ မသိဘူး။ အဲဒီလောက်အထိ ကျနော်တို့က သူ့ကို ကာကွယ်ပေးထားပါတယ်။ တကယ့်ကို ထုနဲ့ထည်နဲ့ ကြီးကြီးမားမားတွေဆိုရင်လည်း တိုင်ကြားဖို့ ကျနော်ထပ်ပြီးတော့ ပြောချင်တယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

တိုင်ကြားလာတဲ့ သတင်းကို သမ္မတကတဆင့် ပြည်ထဲရေးကို တိုက်ရိုက်ပေးပို့ပြီး မှန်၊ မမှန် စိစစ်ပြီးနောက် မှန်ရင် အရေးယူတာလို့ ဆိုပါတယ်။

ဒီဌာန စတင်ဖွင့်ခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကနေ စက်တင်ဘာ ၁၅ ရက်အထိ တိုင်ကြားလာတာ ၆၉၈ မှု၊ ဆောင်ရွက်ပြီးတာ အမှုပေါင်း ၅၀၀၊ အမှုဖွင့်တာက ၂၇၁ မှု ရှိတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ တိုင်ကြားလာတာတွေက ပမာဏနည်းတာတွေ ဖြစ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“လက်ကြီးသမားတွေကိစ္စ။ နောက်တခုက ပိုင်ရှင်တွေမဲ့ သွားတယ်ဆိုတဲ့ ကိစ္စပေါ့။ မူးယစ်ဆေးဝါးတွေ အများကြီးမိတယ်၊ ပိုင်ရှင်မဲ့ဆိုတဲ့ ဟာမျိုးတွေမဖြစ်ဖို့အတွက် အဲဒီလိုဟာကို တိုက်ဖျက်ဖို့ အဓိကရည်ရွယ်တာ။ အခုပို့လာတဲ့ သတင်းအချက်အလက်တွေက နည်းနည်းလေးတွေပေါ့။ ဒါပေမယ့် ကျနော်တို့က အဲဒါကို နည်းနည်းလေးဆိုပြီးတော့ သွားလုပ်လို့မရဘူး။ အဓိက က လူထုက တကယ်ကို ယုံယုံကြည်ကြည်နဲ့ တိုင်ကြားလာတာဖြစ်တယ်”  လို့ ပြောပါတယ်။

ဇွန်လနောက်ဆုံးပတ်ကနေ အခု စက်တင်ဘာ ၁၅ ရက်နေ့အထိ မူးယစ်မှုနဲ့ အမျိုးသား ၃၅၂ ယောက်၊ အမျိုးသမီး ၆၉ ယောက်၊ စုစုပေါင်း ၄၂၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ၂၆၂၆ ဒသမ ၉၇ ဂရမ်၊ အိုက်စ် ၁၆ ဒသမ ၇၁ ဂရမ်၊ ဘိန်း ၃၄၈၆၀ ဒသမ ၈၅ ဂရမ်၊ ဘိန်းစာမှုန့် ၅၈၀၂ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်၊ ဘိန်းစာရွက် ၃၉၇၃ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၁၄၄၄၁၁ ပြား၊ ဆေးခြောက် ၃၃၅၆ ဒသမ ၇၄ ဂရမ် စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံးတလုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013