DVB Logo
Home
မြန်မာသတင်း
သံတွဲနှင့် ပုဏ္ဏားကျွန်းကို စစ်တပ် ဗုံးကြဲ၊ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ
DVB
·
September 7, 2026
သြဂုတ် ၁၆ ရက်က သံတွဲမြို့ ဗုံးကြဲခံရ၍ ပျက်စီးမှု။ (Photo: AA)
သြဂုတ် ၁၆ ရက်က သံတွဲမြို့ ဗုံးကြဲခံရ၍ ပျက်စီးမှု။ (Photo: AA)
Donate to DVB

ရခိုင်ပြည်နယ်၊  သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို စက်တင်ဘာ ၇ ရက် ဒီနေ့မနက်မှာ စစ်အာဏာရှင်တပ်က ဗုံးကြဲခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ကို မနက် ၁၀ နာရီခွဲလောက်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမှတ် (၈/ခ) ရပ်ကွက်က ၁ လမ်း၊ အံတော်ဘုရားလမ်း သစ်ထိပ်နဲ့ ၃ လမ်းထိပ်တို့မှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီး ၁ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“အမျိုးသမီး ၁ ယောက် ပွဲချင်းပြီး သေတယ်။ ၄ ယောက် ဒဏ်ရာရသွားတယ်။ ဒါ ကနဦးသိရတာ။ ဒီထက်လည်းပိုနိုင်တယ်။” 

သံတွဲဒေသခံ နောက်တယောက်ကလည်း ဒီမနက် ၁၀ နာရီခွဲမှာ စစ်အာဏာရှင်ရေတပ် ရှိခဲ့တဲ့ မောင်ရွှေလေးရွာနဲ့ ကင်းမော်ရွာနားကိုလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပြီး လေယာဉ်က အခုထိ ဝဲနေပေမဲ့ ဆက်သွယ်ရေး ခက်ခဲတာကြောင့် ထိခိုက်မှု အတိအကျကို မသိရသေးဘူးလို့ ပြောပါတယ်။

သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်ကို စစ်တပ်က ရေကြောင်း၊ လေကြောင်းကနေ နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ တရွာပြီးတရွာ ထပ်မံစစ်ရှောင်နေရတယ်လို့ ‌သံတွဲဒေသခံ စစ်ရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

“စစ်ကောင်စီက ကျမတို့မြို့တွေကို လူတွေသေပြီး မြေပဲကျန်အောင် လုပ်နေတာ။ လေယာဉ်ကလည်း နေ့တိုင်းလိုလို ဝဲပျံတယ်။ သံတွဲ မဟုတ်ရင် ဂွ၊ မဟုတ်ရင် AA သိမ်းထားတဲ့ မြို့တွေကို ပတ်ပြီးကြဲနေတာ။ ကျမတို့လည်း တနေရာပြီးတနေရာ ပြောင်းနေရပါတယ်။ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် တကယ်အခက်အခဲရှိနေတယ်။” 

ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာအနီးကိုလည်း စစ်အာဏာရှင်တပ်က စက်တင်ဘာ ၇ ရက် ဒီမနက် ၇ နာရီ ၄၅ မိနစ်ကနေ ၈ နာရီအချိန်ထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က “ဒီနေ့မနက်ပိုင်းက ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းပိုင်းက ဖက်ကျကျေးရွာအနီးကို စစ်တပ်က ဗုံးကြဲသွားတာရှိတယ်။ နေအိမ် တဆောင် ပျက်စီးသွားတယ်လို့ ကနဦးသိထားရတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိတော့ အတိအကျ မသိရသေးဘူး။ စက်တင်ဘာ ၃ ရက်နေ့ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်ကို နေ့တိုင်း လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၃ ရက်က ၇ ရက်အထိ ပုဏ္ဏားကျွန်းမြို့နယ်တွင်းက ဖက်ကျ၊ ကွမ်းတောင်၊ မက္ကာလာကျ၊ ကုန်းတန်းကြိမ်ချောင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယာချောင်း၊ ချောင်းဝ၊ ပဒေသာကျေးရွာတို့ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလအတွင်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေနဲ့ သံတွဲ၊ ဂွမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်တာ၊ ရေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာနေတာကြောင့် ပြည်သူတွေအနေ လေကြောင်း၊ ရေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကို အာရက္ခတပ်တော်က သတိပေးတိုက်တွန်းထားပါတယ်။

Photo : APM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013