
မွန်ပြည်နယ်၊ ကျိုက်ခမီဒေသ စက်စဲမှာရှိတဲ့ အာဏာရှင်စစ်တပ် ဦးစီးလုပ်ကိုင်နေတဲ့ ဆားကွင်းမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်ရလို့ မေ ၂၁ ရက်က စစ်မှုထမ်းတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၅ နာရီကနေ ည ၉ နာရီအထိ ပိဿာ ၃၀ လေးတဲ့ ဆားအိတ်တွေ ထမ်းရပြီး ညအိပ်ချိန်မှာပဲ နားရတာကြောင့် ပင်ပန်းသေဆုံးတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“မနက် ၄ နာရီဆို တန်းစီခရာမှုတ်သံကြားရပြီ။ အဲဒါက စစ်မှုထမ်းတွေ ဆားကွင်းသွားဖို့ အချက်ပေးတာ။ တန်စီးပြီးတာနဲ့ ၅ နာရီဆို.ဆားကွင်းသွား၊ အချိန် ၃၀ လောက်ရှိတဲ့ ဆားအိတ်တွေကို မနက် ၅ နာရီကနေ ၁၁ နာရီအထိ ထမ်းရတယ်။ ၁၁ နာရီကနေ ၁၂ ခွဲအထိ ထမင်းစားချိန်ပေးတယ်။ ၁၂ ခွဲကနေ ညနေ ၅ နာရီအထိ ဆားအိတ်တွေ ထပ်ထမ်းရတယ်။ ညနေ ၅ နာရီထိုးလည်း မနားရဘူး။ ည ၆ နာရီကနေ ၉ နာရီအထိ ဆားတွေချိန်ပေးရတယ်။ အိတ်တွေထဲ ထည့်ပေးရတယ်။ ဒီလောက်လုပ်နေရတာ မသေဘဲနေမလား။ မနေ့က သေသွားတဲ့ ကောင်လေးက ကရင်လူမျိုးပါ” လို့ ပြောပါတယ်။
အဲဒီ ဆားကွင်းကို အရှေ့တောင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး တပ်တွေဖြစ်တဲ့ အမှတ် ၅၂၅ နဲ့ ၆၂၁ တပ်တို့က ဦးစီးလုပ်ကိုင်နေတာဖြစ်ပြီး ပင်ပန်းဆင်းရဲမှုနဲ့ နှိပ်စက်တာတွေကြောင့် သန္ဓေစစ်သည်တွေတောင် မသွားချင်တဲ့ နေရာတခုဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ရတခ မှာ ရှေ့တန်းမထွက်ရတဲ့ စစ်မှုထမ်းတွေကို ဆားကွင်းမှာ အလုပ်လုပ်ခိုင်းတာ။ အဲဒီ ဆားကွင်းက သံဖြူဇရပ်မှာ နာမည်ကြီးတယ်။ အဲဒီရောက်သွားတဲ့ သူ မှန်သမျှ သေချင်သေ၊ မသေရင် ထွက်ပြေးကြတာပဲ။ အလုပ်ခိုင်းလို့ ကလန်ကဆန်လုပ်ရင် ခြေထောက်ကို သံကြိုးခတ်ပြီး အလုပ်လုပ်ခိုင်းတာ။ ထောင်ကျနေသလိုပဲ။ မွန်ပြည်နယ်မှာရှိတဲ့ တပ်တွေဆို တပ်ထဲ ပြောစကားနားမထောင်ဘူး ဆိုရင် မင်းကို စက်စဲ ဆားကွင်းပို့ရမလားဆို အဲဒီကောင် ငြိမ်သွားရော၊ အဲဒီလောက်ထိ ဆိုးတဲ့နေရာ” လို့ ရှင်းပြပါတယ်။
အာဏာရှင်စစ်တပ်ပိုင် စက်စဲ ဆားကွင်းကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က သင်တန်းအပတ်စဉ် ၁၇ ကနေ ဆင်းလာတဲ့ စစ်မှုထမ်းတွေကစပြီး ပို့ဆောင်နေတာလို့ ဆိုပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေထဲမှာ ပါဝင်ပြီး အဲဒီပြည်နယ်က လူငယ်တွေဟာ သံဖြူဇရပ်အခြေစိုက် အမှတ် ၄ တန်းမြင့်သင်တန်းကျောင်း အပါအဝင် သင်တန်းကျောင်း ၄ ကျောင်းမှာ စစ်မှုထမ်းသင်တန်းတက်ရတာ ဖြစ်ပါတယ်။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ဥပဒေကို အာဏာသိမိးစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့လို့ အခုဆို အပတ်စဉ် ၂၅ အထိ ရောက်လာပြီဖြစ်ပါတယ်။










