DVB Logo
Home
မြန်မာသတင်း
အောင်လံ ဗွက်ကြီးဆည် တမံဘောင်နံရံ နိမ့်ကျလာမှုကြောင့် ဒေသခံများ စိုးရိမ်နေ
DVB
·
September 21, 2018
အောင်လံ ဗွက်ကြီးဆည် တမံဘောင်နံရံ နိမ့်ကျလာမှုကြောင့် ဒေသခံများ စိုးရိမ်နေ
Donate to DVB

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်တွေက တမံဘောင် နံရံနိမ့်ကျလာခဲ့ပြီး ဗွက်ကြီးဆည်က နောက်ထပ် မြေနိမ့်ကျလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မိုးများတာကြောင့် ပြီးခဲတဲ့ စက်တင်ဘာ ၂ ရက်က ဗွက်ကြီးဆည် နံရံတဖက်ကနေ အလျားပေ ၁ဝဝ ကျော်၊ အနံပေ ၄ဝ၊ အနက် ၄ ပေ လောက် မြေသားနိမ့်ကျမှု ဖြစ်ပွားခဲ့ပါတယ်။ အခုထပ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ ထပ်မံပြီး မြေသားနိမ့်ကျမှုတွေ ဖြစ်ပွားခဲ့လို့ ဆယ်အောက်ဘက်မှာ နေထိုင်ကြတဲ့ ဒေသခံကျေးရွာတွေက ထိတ်လန့်နေကြတာပါ။

တံခွန်တိုင်ကျေးရွာက ကိုပြည့်ဖြိုးအောင်က “အရင်လထဲမှာပဲ ဆွာဆည်ကျိုးသွားတုန်း ကလည်း တာဝန်ရှိသူတွေက မစိုးရိမ်ရပါဘူးဆိုပြီး ဖြစ်သွားတာ။ အခုလည်း သူတို့က မစိုးရိမ်ရဘူးလို့ ပြောနေပြန်ပြီ။ တကယ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ညဘက်တွေမှာ လူကြီးတွေ ကလေးတွေကို ကုန်းအမြင့်တွေမှာ သွားအိပ်ခိုင်းထားရတယ်” လို့ ပြောပါတယ်။

အခုလိုဖြစ်ပွားနေမှုကြောင့် ဆည်အောက်ဘက်က ကျေးရွာ ၈ ရွာက ဒေသခံ ၂ဝဝဝ လောက်က ရေလွတ်မယ်လို့ ထင်ရတဲ့ နေရာကုန်းမြင့်တွေမှာ ရွှေ့ပြောင်းနေထိုင်နေကြပြီး သူတို့အတွက် ကျန်းမာရေး၊ နေဖို့ထိုင်ဖို့နဲ့ သောက်ရေကိစ္စတွေ စီစဉ်ပေးဖို့ အစီစဉ်ရှိတယ်လို့ အောင်လံမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ပြောပါတယ်။

အဲဒီကိစ္စအတွက် စက်တင်ဘာ ၂ဝ ရက်နေ့မှာ ဆည်မြောင်းဌာနက ဒုညွှန်ကြားရေးမှူးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့အဖွဲ့တွေ  လာရောက်ကြည့်ရှုပြီး စက်ယန္တရားတွေနဲ့ ဆောင်ရွက်နေမှုတွေကို လာရောက်စစ်ဆေး နေပါတယ်။

ဆည်မြောင်းနဲ့ ရေအသုံးချရေး ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်လွင်ထွန်းက “ဒါက ဆည်ဘော်ဒီ နံရံကြီး နိမ့်သွားတာ မဟုတ်ပါဘူး။ အပေါ်ရံမြေသားရေနူးပြီး လျောကျသွားဖြစ်ပြီး အဲဒီမြေသားလွှာအောက်ကို လျှောသွားတော့ အခုထပ်ပြီး သူ့အပေါ်ဘက်က မြေသားက အောက်ကို လျောကျသွားတာဖြစ်ပါတယ်။ နံရံက ထုအကြီးကြီးဖြစ်ပါတယ်။ ဟိုဘက်ရေထဲအထိ ထုပေပေါင်းများစွာ အမာခံရှိပါတယ်။ ရာသီဥတုမိုးများတာကြောင့်ဖြစ်တာ စိုးရိမ်စရာမရှိပါဘူး” လို့ ကပြောပါတယ်။

ဒန့်ဒလွန်ကျေးရွာက ဦးကြည်အောင်လေးက “ဆည်အောက်ဘက်မှာ ကျေးရွာ ၂ဝ ကျော်လောက်ရှိပြီး ဗွက်ကြီးချောင်းတလျှောက်က ကျေးရွာ ၈ ရွာလောက်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိကာ နောက်ထပ်မိုးဆက်တိုက် ရွာသွန်းလာမှာကိုလည်း စိုးရိမ်နေရပါတယ်။ အခုလည်း သူတို့ အလုပ်တွေ မလုပ်နိုင်ကြဘူး” လို့ ပြောပါတယ်။

အခုထပ်မံကျွံကျမှုက စက်တင်ဘာ ၁၆ ရက်နေ့ကဖြစ်ပြီး ပေ ၁၅ဝ အကျယ် မြေနိမ့်ပြီးအနက် ၁ ပေ ကျော်လောက် ရှိပါတယ်။ လတ်တလော အဲဒီပြိုကျတဲ့နေရာကို မိုးကာတွေနဲ့ ဖုန်းအုပ်ထားပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013