
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဂျယ်ရီမီဟန့်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။
တွေ့ဆုံစဉ်မှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စ၊ ရခိုင်ပြည်နယ် ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ ကုလသမဂ္ဂမျက်နှာစာမှာ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးနေမှု အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးနဲ့အဖွဲ့ဟာ မနေ့မနက်က ရခိုင်ပြည်နယ်မြောက်ကို သွားရောက်ပြီး တောင်ပြိုလက်ဝဲရှိ ပြန်လည်ဝင်ရောက်လာသူတွေ လက်ခံရေးစခန်းနဲ့ မောင်တောမြို့နယ်ရှိ ရွှေဇားရွာ၊ ပန်းတောပြင်ရွာတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာ ၁၉ရက်ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကို သွားရောက်လေ့လာခဲ့သလို ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးစီးချုပ်တို့နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။











