DVB Logo
Home
မြန်မာသတင်း
ကံကြီးဒေါင့် ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်နေ
DVB
·
August 13, 2012
Donate to DVB

အဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ ရေကြီးနေပြီး ဧရာဝတီတိုင်း ကံကြီးဒေါင့်မြို့မှာ မြို့တ၀က်လောက် ရေလွှမ်းမိုးခဲ့တဲ့အတွက် ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေပါတယ်။

ကံကြီးဒေါင့် ရေဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဓမ္မရုံတွေ၊ ဘုန်းကြီးတွေမှာ သွားရောက် ခိုလှုံနေကြရပြီး ရေဘေးတိမ်းရှောင်တာ ၂ ပတ်လောက်ကြာပြီ ဖြစ်ပေမယ့် အစားအသောက် အကူအညီတွေ မရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ကံကြီးဒေါင့်က ရေတော်တော်တက်တယ်။ မြို့တ၀က်လောက် တက်တယ် ပြောရမယ်။ တာကြီးတွေတော့ မကျော်သေးဘူး။ မကျော်သေးဘူးဆိုတာက အိတ်တွေအများကြီး ကာထားတာ။ ဖွင့်ပေးလိုက်ရင် တမြို့လုံးမြုပ်ပြီပဲ။ ရေကတော့ နှစ်တိုင်းတက်တယ်။ ဒီနှစ်ကတော့ တော်တော်များတယ်ပြောရမယ်။ မြို့ထဲမှာ တရပ်ကျော်လောက်တက်တယ်။ လူတွေ နေအိမ်တွေကနေ ရွှေ့ပြီးတော့နေရတယ်။ စပါးစိုက်ခင်းတွေလည်း ပျက်တာပေါ့။ လူတွေက ဘုန်းကြီးကျောင်းက ဓမ္မာရုံကြီးတွေမှာ၊ စာကြည့်တိုက်တွေ၊ ရပ်ကွက်ရုံးတွေ နေရာကျယ်တဲ့နေရာတွေပေါ့။ အစားအသောက်တွေကတော့ လောလောဆယ်တော့ သူတို့ကို မကူညီဘူး။”

သြဂုတ်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပြီး မြို့အနီးတ၀ိုက်က ကာထားတာတွေ လည်း ပျက်စီးတော့မှာဖြစ်တဲ့အတွက် တမြို့လုံး ရေလွှမ်းမယ့် အနေအထား ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ လုပ်အားပေးတွေခေါ်ပြီး တာကျိုးမယ့်နေရာကို ပြုပြင်နေပေမယ့် ဒီထက် မိုးများရင်တော့ တာတွေ ကျိုးမယ့် အနေအထား ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

အလားတူ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း မိုးများပြီး င၀န်မြစ်ရေ တက်မှုကြောင့် မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်မှာ ၁၀ ရပ်ကွက်လောက် ရေကြီးနေတယ်လို့ ပုသိမ်မြို့ခံ ဦးသက်လွင်က ပြောပါတယ်။

“ပုသိမ်မြို့ရဲ့ မြို့တော်ခန်းမရှေ့မှာဆိုရင် ရေက ၃ ပေခွဲလောက်တက်တယ်။ သင့်တော်ရာပြောင်းရွှေ့နေထိုင်ကြတာ လူတွေက ဓမ္မာရုံတို့၊ ဘုန်းကြီးကျောင်းတို့မှာ အဲလို စခန်း ၁၂ ခုလောက်ရှိတယ်။ စခန်း ၁ ခုကို ၃၀၀ လောက်ပဲထား။ ၃၀၀၀ နဲ့ ၄၀၀၀ ကြား ခန့်မှန်းလို့ရတယ်။”

ရေဘေးဒုက္ခသည်တွေအတွက် အစားအသောက်ကို ဒေသခံလူထုတွေက ကူညီပေးနေပေမယ့် အိမ်သာမလုံလောက်တဲ့အတွက် ၀မ်းရောဂါဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အလားတူ ဘိုကလေးမြို့နယ်ဘက်မှာဆိုရင်လည်း မိုးများတဲ့အတွက် လယ်တွေ ရေမြုပ်ပြီး ပျက်စီးမယ့် အနေအထား ဖြစ်နေတယ်လို့ ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာက လယ်သမား တဦး က ပြောပါတယ်။

“ကျနော်တို့ ကျေးရွာ အုပ်စုမှာ မိုးစပါး စိုက်ထားတဲ့ဟာ သက်နုစပါးပေါ့။ နောက်မိုးအတွက် သီးထပ်စိုက်ဖို့အတွက် မိုးစပါးထားတဲ့ဟာတွေ အကုန်လုံး ပျက်စီးကုန်တယ်။ လယ်သမားတိုင်းလို ပျက်စီးတယ်။ ရေများသွားပြီးတော့ အပင်က လည်း ငယ်သေးတော့ လေကလည်း တိုက်တယ်ဆိုတော့ ရေပေါ်မှာ ပေါ်လာပြီး အပင်တွေ ကျွတ်ထွက်တာပေါ့။”

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာပါရှိတဲ့ မိုးလေ၀သနဲ့ ဇလဗေဒရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် ရဲ့ ဆောင်းပါးထဲမှာ ဒီသြဂုတ်လကုန်အထိ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး မိုးအားကောင်းမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ချင်းတွင်း၊ ဧရာဝတီ၊ ဒုဌ၀တီ၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်နဲ့ င၀န်မြစ်ရေတွေဟာ တကြိမ်ခန့် စိုးရိမ်ရေမှတ် ကျော်လွန်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013