DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်း ကလေးငယ် ၃ဝဝ ခန့် ဝက်သက်ရောဂါ ဖြစ်ပွား၊ ၂ဦးသေဆုံး
DVB
·
September 20, 2018
ဖာပွန်ခရိုင်အတွင်း ကလေးငယ် ၃ဝဝ ခန့် ဝက်သက်ရောဂါ ဖြစ်ပွား၊ ၂ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် ကျေးရွာ ပေါင်း ၁၅ ရွာက ကလေး ၃ဝဝ လောက်ကူးစက်ရောဂါဖြစ်ပွားနေပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့က ပြောပါတယ်။

ဖာပွန်ခရိုင်က လူသောနဲ့ ဘူးသိုမြို့နယ်တွေက ကရင်ကျေးရွာ ၁၅ ရွာမှာ သြဂုတ် ၂၉ ရက်နေ့ကစပြီး ရောဂါဖြစ်ပွားနေကြောင်း သိခဲ့တာလို့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့ ဖာပွန်ဒေသတာဝန်ခံ စောဖိုးအေးက ပြောပါတယ်။

“သြဂုတ်လကုန်ခါနီး ၂၉ ရက်နေ့မှာ အဲဒီမှာ ရွာ ၄ ရွာကနေ စဖြစ်တာပေါ့နော်။  ဒီဖာပွန်အောက်ဖက်ခြမ်း ထီးသပျူထကျေးနယ်၊ ပွေးထောရူ၊ ကသေခီး၊ ၀ါသိုးကလားနဲ့ ထီးလော်သီးထ ရွာလေးရွာပေါ့။ အဲဒီ ၄ ရွာကနေစဖြစ်တာပေါ့။ ၂၉ ရက်နေ့သိတယ်။ ၃၀ ရက်နေ့မှာ ရောဂါဖြစ်တဲ့ကလေးတွေကို ပြုစုစောင့်လျှောက်ဖို့ ကျနော်တို့လူတွေ ဖြန့်လိုက်တာ ပေါ့နော်။ ဆေးဝါးရော၊ လူရောပေါ့။ ပြောရမယ်ဆိုရင် ရောဂါက ကူးစက်ရောဂါဆိုတော့ တရွာပြီးတရွာ ဆက်ကူးဆက်ပြန့်သွားတာပေါ့။ အခုဆိုရင် ၁၀ ရွာကျော်ရှိနေပြီ။”

ဝက်သက်ရောဂါဟာ လသားကလေးတွေကနေ အသက် ၁၅ နှစ်အထိ ကူးစက်ဖြစ်ပွားနေတာဖြစ်ပြီး ၆၊ ၇၊ ဂ နှစ်ကလေးတွေအများဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။

ရောဂါဖြစ်စမှာ ကိုယ်အရမ်းပူတာ၊ နှာစေး၊ ချောင်းဆိုး၊ မျက်စိနီ၊ တချို့ကျတော့ ၀မ်းသွားတာ၊ အန်တာတွေဖြစ်ပြီး သုံးလေးရက်ကြာလာရင် ခန္ဓာကိုယ်မှာ အဖုသေးသေးလေးတွေထွက်လာ တတ်ပါတယ်။ အဖုဖုသေးသေးလေးတွေ ဖြစ်ပြီးနောက်ပိုင်း မှာတော့ ကိုယ်ပူကျပြီး နေပြန်ကောင်းကြတယ်လို့လည်း သိရပါတယ်။

ဒီလိုရောဂါဖြစ်ပွားတဲ့ရွာမှာ ကလေး ၃၀၀ လောက်ဖြစ်ပွားနေပြီး ၂ယောက် သေဆုံး သွားတယ်လို့လည်း စောဖိုးအေးက ပြောပါတယ်။

“အခုလောလောဆယ် ကျနော်တို့ စာရင်းအရဆိုရင် ကလေးအယောက်ပေါင်း ၃၀၀ လောက်ဖြစ်တယ်။ ဒါပေမယ့် ကလေးတွေအားလုံးက တပြိုင်နက်ဖြစ်ဘူးပေါ့နော်။ ဥပမာ ဒီရက် နှစ်ယောက်၊ သုံးယောက်ဖြစ်တယ်။ နောက်ရက်မှာ ထပ်ဖြစ်တယ်။ အဲတော့ ကြာလေ များလာလေပေါ့။ ပျောက်တဲ့လူကပျောက်၊ စဖြစ်တဲ့လူကဖြစ် အဲလိုမျိုးပေါ့။ သေဆုံးတာက အခုလောလောဆယ် ၂ ယောက်ရှိတယ်။ အဲဒီကလေးတွေက သူတို့က ပင်ကိုယ် ရောဂါအခံရှိတယ်လေ။ အဟာရချို့တဲ့တဲ့ ရောဂါရှိတာ၊ ရေဓာတ်ခန်းခြောက်မှု လက္ခဏာ လည်းပေါ်တာပေါ့နော်။ ၀က်သက်ရောဂါပါ ထပ်ဖြစ်တော့ ပိုပြီးထိတာပေါ့။ ”

ဒ့ါအပြင် အသက် ၆ နှစ်အရွယ်ကလေးတယောက်ကလည်း ဒီရောဂါကြောင့် မျက်စိကွယ်သွားတယ်လို့လည်းသိရပါတယ်။

လတ်တလော နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ကပဲ ကွင်းဆင်း ကုပေးနေပြီး တခြားအန်ဂျီအိုအဖွဲ့တွေကတော့ ဆေးဝါးထောက်ပံ့မှုတွေ ရှိပေမယ့် လုံ လောက်မှုမရှိသေးပါဘူး။

လတ်တလော ရောဂါဖြစ်ပွားနေတဲ့ကျေးရွာတွေကတော့ ပိုဘောခို၊ ဖွေတောရူ၊ ကသေခီး၊ ၀ါသိုးကလား၊ ထီးသပျူထ၊ ထီးလော်သီးထ၊ ထီးသဲလေ့၊ ထီးဂေလော်၊ မယ်ကနော်၊ ပိုဂါး၊ သရောပူ၊ ကျုးဒေး ကျေးရွာတွေဖြစ်ပြီး ကွီမယ်၊ ပလောပလဲ၊ မယ်ခူခီး ကျေးရွတွေကတော့ ရောဂါ ပျောက်သွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဖာပွန်ခရိုင်အတွင်း ကလေးငယ် ၃ဝဝ ခန့် ဝက်သက်ရောဂါ ဖြစ်ပွား၊ ၂ဦးသေဆုံး