
ရွှေတိဂုံစေတီတော်ရဲ့ ကြာမှောက်ကြာလှန်နေရာ အရောင်မည်းနေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့် အဖွဲ့ဖွဲ့စစ်ဆေးမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်က တည်းက မည်းနေခဲ့တာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် ဦးညိုဝင်း က ပြောပါတယ်။
စက်တင်ဘာ ၂၀ရက် ဒီနေ့ ရွှေတိဂုံစေတီတော်၊ ဂေါပကအဖွဲ့ရဲ့ ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ရွှေနဲ့ရတနာတာဝန်ခံ ဦးညိုဝင်းက မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
ကြာမှောက်ကြာလှန်နေရာ ရွှေချတာကို ၂၀၀၈-၂၀၀၉ ခုနှစ်ကတည်းက ရတနာကျွန်း ပန်းထိမ်က တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး သားစဉ်မြေးဆက်တာဝန်ယူတယ် ပြောခဲ့ပေမယ့် အခုလို မည်းလာတာဖြစ်တယ်လို့လည်း ဂေါပကအဖွဲ့ဝင်တဦးက ပြောပါတယ်။
ရွှေတိဂုံစေတီတော်ကို ၅ နှစ်တကြိမ် ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူလေ့ရှိပြီး ၂၀၁၄နှစ်မှာ ရွှေသင်္ကန်းကပ်ခဲ့တုန်းက ကြာမှောက်ကြာလှန်နေရာကို ဓာတုဗေဒဆေးသုံးပြီး ရောင်တော်ဖွင့်ခဲ့တယ်၊ ဒီလို ဓာတုဗေဒဆေးသုံးပြီး ရောင်တော်ဖွင့်ရာမှာ ရေကို လုံလောက်စွာ မသုံးဘဲ ရောင်တော်ဖွင့်ခဲ့တယ်လို့လည်း ဦးညိုဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရွှေတိဂုံစေတီတော်ရဲ့ စီမံဘဏ္ဍာဂေါပကအဖွဲ့ခေါင်းဆောင် ဦးသောင်းထိုက်ကလည်း ကြာမှောက်ကြာလှန်နေရာက ရွှေပြားတွေကို ဒီနှစ်ထဲ ဖြုတ်မယ်၊ စစ်မယ်၊ ဒီလိုလုပ်လိုက်ရင် မှန်မှန်ကန်ကန် လုပ်ထားမလုပ်ထား ပေါ်လာမယ်၊ပေါ်လာရင် လုပ်စရာရှိတာ ဆက်လုပ်သွား မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဂေါပကအဖွဲ့က စေတီတော်မှာ ကပ်လှူပူဇော်မယ့် ရွှေပြား၊ ရွှေစင်ပြားနဲ့ မျက်ပါးရွှေတို့ကို ခင်းကျင်းပြသထားပြီး ၉၉ ရာခိုင်နှုန်းကျော် ရွှေရည်အပြည့် ဖြစ်တယ်လို့ အာမခံ ပြောခဲ့ပါတယ်။
စေတီတော်မှာ ရွှေပြားပေါင်း ၅၈၀၀၀ ခန့် ကပ်လှူပူဇော်ထားပြီး အခု မည်းနေတဲ့ ကြာမှောက်ကြာလှန်နေရာမှာ ရွှေ့ပြား ၃၉၀၀ ကျော် ကပ်လှူထားပါတယ်။
မကြာသေးခင်က ရွှေတိဂုံစေတီတော်မှာ ကပ်လှူထားတဲ့ ရွှေပြားတွေ အရည်အသွေးနဲ့ ပတ်သက်လို့ အွန်လိုင်းနဲ့ မီဒီယာတချို့မှာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် သက်ဆိုင်ရာ ဂေါပကအဖွဲ့က ခုလို သတင်းစာရှင်းတာ ဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော် ရွှေပြားပြန်လည်ပြင်ဆင်ကပ်လှူတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ မဟုတ်မမှန်ပြောဆိုနေတာတွေဟာ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာနက မကြာခင်က ထုတ်ပြန်ခဲ့ပါတယ်။










