
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ရွေ့လျားစာကြည့်တိုက်တွေကို ၅နှစ်အတွင်း ပြည်နယ်နှင့်တိုင်း ၁၀ ခုရှိ မြို့ကြီး ၁၁ မြို့မှာ ဖွင့်လှစ်ပြီး စာအုပ်ငှားပေးနိုင်ခဲ့ပါတယ်။
၂၀၁၃ခု နှစ်ကစလို့ ရန်ကုန်တိုင်းမှာ ကော့မှူးမြို့နယ်နဲ့ အင်းစိန်မြို့နယ်၊ မန္တလေးတိုင်းမှာ မန္တလေးမြို့၊ စစ်ကိုင်းတိုင်းမှာ စစ်ကိုင်းတိုင်းမြို့၊ မကွေးတိုင်းမှာ နတ်မောက်မြို့၊ ဧရာဝတီတိုင်း မှာ မြောင်းမြမြို့၊ တနင်္သာရီတိုင်းမှာ ထားဝယ်မြို့၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့၊ ကယားပြည်နယ်မှာ လွိုင်ကော်မြို့၊ ကရင်ပြည်နယ်မှာ ဘားအံမြို့နဲ့ ရှမ်းပြည်နယ် ကလောမြို့တို့မှာ ရွေလျားစာကြည့်တိုက်တွေ ဖွင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီမြို့တွေက စာသင်ကျောင်းတွေ အစိုးရရုံးတွေ၊ စက်ရုံတွေနဲ့ ရပ်ရွာလူထုအတွင်း အခမဲ့စာအုပ်ငှားတဲ့ ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်ခဲ့တာလို့ ဖောင်ဒေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၂ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ခဲ့တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး သဘာဝဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကိုလည်း ထောက်ပံ့ကူညီပေးနေပါတယ်။










