DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီလမ်းကြောင်းအားကောင်းရန် စစ်တပ်ခေါင်းဆောင်များကို အရေးယူဟု အမေရိကန်သံအမတ်ပြော
DVB
·
September 19, 2018
ဒီမိုကရေစီလမ်းကြောင်းအားကောင်းရန် စစ်တပ်ခေါင်းဆောင်များကို အရေးယူဟု အမေရိကန်သံအမတ်ပြော
Donate to DVB

မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအားကောင်းစေဖို့ မြန်မာတပ်မတော် ခေါင်းဆောင်တွေကို အမေရိကန်က အရေးယူရတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့တ် မာစီရယ်လ်က ပြောပါတယ်။

မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးအပါအ၀င် ကချင်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လက်ရှိ မြန်မာတပ်မတော် ခေါင်းဆောင်တွေကို အမေရိကန် အပါအ၀င် အနောက်အင်အားနိုင်ငံတချို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူ ထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို အသွင်ပြောင်းနေတဲ့ကာလမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီလမ်းစဉ်နဲ့မကိုက်ညီတာကြောင့် အခုလို အရေးယူမှုတွေ ပြုလုပ်နေရတာလို့ သံအမတ်က  ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက်ရော ကမ္ဘာအတွက်ပါ တကယ့်ကိုအရေးကြီးတဲ့ကိစ္စလို့ ကျနော်ပြောချင်ပါတယ်။ အာဆာရဲ့တိုက်ခိုက်မှုကို တခြားနိုင်ငံတွေအတော်များများလိုဘဲ ကျနော်တို့လည်း ရှုတ်ချပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ တုန့်ပြန်မှုက အင်အား အလွန်အကျွံ သုံးခဲ့ပြီးတော့ ရလဒ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်။ ဒါကို ကမ္ဘာက အရေးစိုက်လုပ်ဆောင်နေတာဖြစ်တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အတွက်ဖြစ်ဖြစ် တခြားသောဒီမိုကရေစီအတွက်ဖြစ်ဖြစ် ဒီလိုမျိုး ခင်ဗျားတို့နိုင်ငံမှာနေတဲ့ လူတွေအပေါ် နိုင်ငံသားဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့လေ၊ မတရားဖိနှိပ်မှုတွေရှိတယ်လို့ ကျယ်ကျယ် ပြန့်ပြန့်စွပ်စွဲမှုတွေရှိနေရင်ပေါ့”လို့ သံအမတ်ကြီး မာစီရယ်လ်ကဆိုပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေအနေနဲ့ ရခိုင်အရေးကိစ္စကို အာရုံစိုက်နေရတာဟာ ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ  ကျူးလွန်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့က ရခိုင်ကိစ္စကို အရမ်းအာရုံစိုက်နေတာမဟုတ်ပါဘူး။ အကြောင်းအရာ ၂ ခု ရှိပါတယ်။ ရခိုင်မှာ ဖြစ်ခဲ့တာက ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေပါ။ ဒါကို ကမ္ဘာက အမြဲတမ်းအာရုံစိုက်ပါတယ်၊ ရခိုင်မှာပဲဖြစ်ဖြစ်၊ မြန်မာပြည်တခြားနေရာ မှာဖြစ်ဖြစ်၊ ကမ္ဘာ့ရဲ့ တခြားဒေသတွေမှာဖြစ်ဖြစ်ပေါ့။ ဒုတိယအချက်ကတော့ ကျနော်ပြောခဲ့ သလို ကျနော်တို့ ဒီမှာရှိနေတာဟာ မြန်မာနိုင်ငံ အောင်မြင်ဖို့အတွက်ပါ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အောင်မြင်စေချင်ပါတယ်။၊ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေရင်တာကို အရမ်းပွင့်ပွင့်လင်းလင်းနဲ့ မျှမျှတတ မပြောဘူးဆိုရင် အောင်မြင်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဒါမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် အရေးကြီးပါတယ်။ ဒီနိုင်ငံရဲ့ပြည်သူတွေဟာ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ ဖြစ်ခဲ့တဲ့ဟာတွေအပေါ်မှာ တာဝန်ခံမှုနဲ့ တရားမျှတမှု တစုံတရာရှိအောင်လုပ်ရမယ်။ ဒါမလုပ်ဘဲနဲ့တော့ ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်မှုရဖို့ တကယ့်ကို ခက်ခဲပါတယ်” လို့ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားကြီးမားတဲ့ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်သင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာ မစ်ရှင်အဖွဲ့က စက်တင်ဘာ ၁၈ရက်မှာ  စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာ ထုတ်ပြန်ပြီး ပြောကြားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုပ်အပါအ၀င် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေကို အစားထိုးဖို့နဲ့ တပ်မတော်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ အပြည့်အ၀ထား ပြည်လည်ဖွဲ့စည်းဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013