အမေရိကန်လက်နက်တွေ ဝယ်မလားလို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မေးမြန်းခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ် ပါဒူးက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက် Fox News Sunday အင်တာဗျူးမှာ ပါဒူးက ဒီအကြောင်း ထုတ်ဖော်ပြောခဲ့တာပါ။
“သမ္မတ ထရမ့်ပ်က ကမ္ဘာတဝန်း တခြားနိုင်ငံတွေကိုလည်း ကျနော်တို့ လက်နက်ရောင်းနေတာပဲလို့ ဆက်ပြောပါတယ်။ တချိန်မှာ သမ္မတရှီကိုလည်း ဝယ်ချင်သလားလို့ တကယ်မေးခဲ့ပါတယ်” လို့ ပါဒူးက ပြောပါတယ်။ ဒါပေမဲ့ ရှီက ဘယ်လိုပြန်ဖြေခဲ့သလဲ ဆိုတာကိုတော့ ပါဒူးက မပြောခဲ့ပါဘူး။
အိမ်ဖြူတော်ကတော့ တရုတ်ကို လက်နက်ရောင်းဖို့ အမေရိကန်မှာ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနကလည်း အမေရိကန်ဥပဒေအရ တရုတ်ကို လက်နက်ရောင်းချခွင့် မရှိသလို ကမ်းလှမ်းချက် ဒါမှမဟုတ် အစီအစဉ်လည်း မရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ဒီထုတ်ဖော်ချက်ဟာ တရုတ်က အပြင်းအထန်ကန့်ကွက်နေတဲ့ အမေရိကန်ရဲ့ ထိုင်ဝမ် လက်နက်ရောင်းချရေးကိစ္စနဲ့ တချိန်တည်း ထွက်ပေါ်လာတာပါ။
ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက်ရောင်းချရေး အစီအစဉ်ကို ထရမ့်ပ်အစိုးရက အတည်ပြုမပေးသေးဘဲ ဆိုင်းငံ့ထားပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာကို အမြဲကန့်ကွက်ထားပါတယ်။










