DVB Logo
Home
မြန်မာသတင်း
အစိုးရ စာနယ်ဇင်းကောင်စီလုပ်ငန်း ဆိုင်းငံ့ထားပြီး စိစစ်ရေးဆက်ရှိမည်
DVB
·
August 13, 2012
Donate to DVB

အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီလုပ်ငန်းတွေ ဆိုင်းငံ့ထားမှာဖြစ်ပြီး ကောင်စီလုပ်ငန်းတွေ လည်ပတ်နိုင်ချိန်အထိ စာပေစိစစ်ရေး ဆက်ရှိနေမယ်လို့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ်လ ၁၂ ရက်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက သတင်းစာဆရာ ၅ ဦးတို့ တွေ့ဆုံ ဆွေးနွေးချက်တွေ အပေါ် သတင်းစာဆရာများအသင်းက ဒီနေ့သတင်းထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။

ဝန်ကြီးနဲ့တွေ့ဆုံရာမှာ အသင်းအနေနဲ့ ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုထားတဲ့ အမြုတေကောင်စီပါ စာပိုဒ်နဲ့ စာသားတွေ ပြောင်းပေးဖို့၊ အမြုတေကောင်စီမှာ ပါတဲ့ သတင်းစာဆရာအရေအတွက် နည်းနေတာကို တိုးမြှင့်ပေးဖို့ သတင်းစာဆရာအသင်းဘက်က တင်ပြခဲ့ပါတယ်။

ဝန်ကြီးကတော့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာ ပြီးပြတ်တဲ့ထိ ကောင်စီလုပ်ငန်းတွေ ဆိုင်းငံ့ထားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရကဖွဲ့စည်းပေးလိုက်တဲ့ အမြုတေကောင်စီပါ တာဝန်ဝတ္တရားများ ဆိုင်ရာနဲ့ လုပ်ပိုင်ခွင့်များဆိုင်ရာ အချက်အချို့ကို လက်မခံနိုင်ဘူးလို့ သတင်းစာ ဆရာအသင်းက ဩဂုတ် ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်အပေါ် ပြန်ကြားရေးဝန်ကြီးက လာရောက် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကြေညာချက်မှာ အမြုတေကောင်စီပါ အထူးသဖြင့် အပိုဒ်ခွဲ ၂ (က)၊ ၂ (ခ)၊ ၂ (ဇ)၊ ၃(င)၊ ၃(စ)၊ ၃(ဆ)၊ ၃(ဈ) နှင့် အပိုဒ် ၁၀ တို့ကို လက်မခံနိုင်ပါ။ အဲ့ဒီအချက်တွေဟာ စာနယ်ဇင်းသမားများရဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးနိုင်ခြင်းမရှိရုံမျှမက စာနယ်ဇင်းသမားများအား ကန့်သတ် ထိန်းချုပ်မှုများကိုပါ ဆက်လက်ပြုလုပ်တဲ့ အစီအစဉ်များဖြစ်သည်ဟု ယူဆနိုင်ပါသဖြင့် ထိုအချက်များကို ဖြုတ်ပယ်၍ အများလက်ခံနိုင်မည့် တာဝန် ၀တ္တရားနှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြင်ဆင်ပြောင်းလဲပေးပါရန် လိုလားပါသည်လို့ ဖော်ပြခဲ့ပါတယ်။

အစိုးရကဖွဲ့စည်းပေးတဲ့ အမြုတေကောင်စီလုပ်ငန်းတွေ ဆိုင်းထားပြီး စိစစ်ရေးလည်း ဆက်ရှိနေဦးမယ် ဆိုတဲ့အတွက် ပြန်ကြားရေးနဲ့ စာနယ်ဇင်းသမားတွေကြားက အကျပ်အတည်းအပေါ် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ အတွင်းရေးမှူး ဦးဖိုးရန်နိုင်လင်းက ခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ လိုချင်တဲ့ အချက် မရလို့ရှိရင် ကျနော်တို့ သတင်းစာဆရာအသင်းက ကိုယ်စားလှယ်တွေ အမြုတေစာနယ်ဇင်းကောင်စီပဲ ဖြစ်ဖြစ်၊ စာနယ်ဇင်းကောင်စီပဲ ဖြစ်ဖြစ် ၀င်ပါမှာ မဟုတ်ဘူး။ အမြုတေစာနယ်ဇင်းကောင်စီ မရှိသေးဘူးဆိုရင်တော့ စာပေစိစစ်ရေးကတော့ ဆက်ရှိနေဦးမှာပေါ့။ ဒါပေမယ့် စာနယ်ဇင်း ဆက်ရှိနေလည်း ဆက်ရှိတဲ့အတိုင်း သွားရမှာပဲဗျ။ ပြင်ခိုင်းထားတဲ့အချက်တွေကို ပြင်မပေးဘူးဆိုရင်တော့ ကျနော်တို့က ၀င်ပါမှာ မဟုတ်ဘူး။”

ပြန်ကြားရေးဝန်ကြီးနဲ့ သတင်းစာဆရာများအသင်း တာဝန်ရှိသူတွေ ဆက်လက် ဆွေးနွေးကြဖို့ ရှိနိုင်သေးတယ်လို့လည်း ပြောပါတယ်။ အဲ့ဒီလိုဆွေးနွေးကြလို့ ထူးခြားတာရှိရင်လည်း သတင်းထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ သတင်းစာဆရာများအသင်း တာဝန်ရှိသူတွေကတော့ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဦးကိုကို (စက်မှုတက္ကသိုလ်)၊ ဦးသီဟစောနဲ့ ဦးအောင်လှထွန်းတို့ ၅ ဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013