DVB Logo
Home
မြန်မာသတင်း
နေပူတောင် မာဘယ်ကျောက်ထုတ်ရေးစီမံကိန်း တွက်ခြေမကိုက်သဖြင့် ပိတ်သိမ်းမည်
DVB
·
September 19, 2018
နေပူတောင် မာဘယ်ကျောက်ထုတ်ရေးစီမံကိန်း တွက်ခြေမကိုက်သဖြင့် ပိတ်သိမ်းမည်
Donate to DVB

ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့  နေပူတောင် မာဘယ်ကျောက်ထုတ်ရေးစီမံကိန်းကို ပိတ်သိမ်းခွင့်ပြုဖို့ ကုမ္ပဏီဘက်က တင်ပြထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ပြည်ပဈေးကွက်မှာ ဈေးနိမ့်ပြီး သုံးစွဲသူအကြိုက်နည်းတာ၊ လျှပ်စစ်မီးမရတာ၊ သယ်ယူစရိတ်ကြီးတာတွေကြောင့် အပြီးပိတ်သိမ်းခွင့်ပြုဖို့ ကုမ္ပဏီဘက်က ၀န်ကြီးဌာနကို ပြီးခဲ့တဲ့ လဆန်းပိုင်းက တင်ပြထားတယ်လို့ဆိုပါတယ်။

မနေ့က အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးကျော်ကျော် မေးတဲ့ ရခိုင်ရိုးမရှိ နေပူတောင်ကျောက်ထုတ်လုပ်မှု စီမံကိန်းကို ရပ်ဆိုင်းထားပြီး သဘာဝ အခြေခံခရီးသွားလုပ်ငန်းစီမံကိန်းအဖြစ် အစားထိုးပြောင်းလဲလုပ်ကိုင်သွားဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်လို့ ၀န်ကြီးက အခုလို ပြန်လည်ဖြေဆိုတာပါ။

ဒီစီမံကိန်းကို ၂၀၁၀ ခုနှစ် ဧပြီလက ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဗီယက်နမ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၂ ခုနှစ် မတ်လမှာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ Myanmar SIMCO Song Da Joint Stock(MYSICO)ကုမ္ပဏီတို့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စနစ်နဲ့ တောင်ကုတ်မြို့နယ်၊ နေပူတောင်ဒေသရှိ မြေဧရိယာ ၂ ဒသမ ၃၇၀၃ စတုရန်းကီလိုမီတာ ပေါ်မှာ မာဘယ် အလှဆင်ကျောက် ထုတ်လုပ်ရေးလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက "နေပူတောင်ဒေသ မာဘယ် အလှဆင်ကျောက်သားတွေမှာ အက်ကြောင်းတွေရှိနေသလို မီးခိုးရောင်ဖြစ်ပြီး နှစ်ရောင်၊ သုံးရောင်စပ်ပါနေလို့ ပြည်ပဈေးကွက်မှာဈေးနိမ့်ပြီး သုံးစွဲသူအကြိုက်နည်းပါတယ်။ လုပ်ကွက်မှာ လျှပ်စစ်မီးမရဘဲ ဓာတ်အားပေးစက်သုံးနေရတာ၊ ပြည်ပပို့ဖို့ ရန်ကုန်ဆိပ်ကမ်းကို သယ်ယူပို့ဆောင်တဲ့ အထွေထွေကုန်ကျစရိတ်ဟာ ထုတ်လုပ်မှုစရိတ်ထက် မြင့်မားနေတာ၊ မိုးရွာတဲ့ကာလမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ စတဲ့အကြောင်းတွေကြောင့် ၂၀၁၈ ခုနှစ် ဧပြီလကုန်ကနေစပြီး အပြီးပိတ်သိမ်းခွင့်ပြုဖို့ ကုမ္ပဏီက ၀န်ကြီးဌာနကို သြဂုတ်လဆန်းပိုင်းမှာ ဆန္ဒပြုထားပါတယ် " လို့ ပြောပါတယ်။

စာချုပ်သက်တမ်းမှာ ၂၀၁၂ ခုနှစ် ကနေ ၂၀၃၂ အထိ နှစ် ၂၀ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ မတ်လထိ မာဘယ်အလှဆင်ကျောက်တုံး ၈၆၅၆ ဒသမ ၉၄၇ မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီး ပြည်ပကို ၆၃၄ ဒသမ ၁၂၂ မက်ထရစ်တန် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ကို ဓာတ်သတ္တုအခွန်ငွေ အမေရိကန်ဒေါ်လာ ၃၃၈၇ ဒသမ ၂၀ နဲ့ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းကို ခွဲဝေမှုအချိုး အမေရိကန်ဒေါ်လာ ၂၁၉၀၃ ဒသမ ၉၅ ပေးသွင်းခဲ့တယ် လို့သိရပါတယ်။

နေပူတောင်နေရာကို သဘာဝအခြေခံ ခရီးသွားဒေသဖြစ်အောင် ဆောင်ရွက်သွားဖို့ လတ်တလောမှာ အစီအစဉ်မရှိသေးဘဲ ကုမ္ပဏီက အပြီးပိတ်သိမ်းခွင့်တင်ပြထားတဲ့အပေါ် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက် နေတယ်လို့ ၀န်ကြီးကဆိုပါတယ်။

ပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်းဒေသ သတ်မှတ် ဆောင်ရွက်နိုင်သလို စာချုပ်ပယ်ဖျက်ပြီးနောက်ပိုင်း သတ်မှတ်ဆောင်ရွက်မယ်ဆိုရင် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013