DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်သွားမည်
DVB
·
August 11, 2012
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်သွားမည်
Donate to DVB

ဒီနေ့ကျင်းပတဲ့ သတင်းစာဆရာများအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနဲ့အညီ ကာကွယ် စောင့်ရှောက်သွားမယ်လို့ ဗဟိုဦးစီးအဖွဲ့ဝင် ဦးစောလင်းအောင်က ပြောပါတယ်။

“အဓိက ကျနော်တို့ လုပ်ချင်တာက စာနယ်ဇင်း ဥပဒေကို တည်ဆဲ ဥပဒေအရ ကာကွယ်စောင့်ရှောက်သွားမှာပေါ့နော်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေရဲ့ ရိုးသားစွာ ပြောဆိုနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကို မထိပါးအောင် ကာကွယ်စောင့်ရှောက်ရေးတွေလည်း ဆောင်ရွက်ဖို့ ရှိပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ သတင်းစာ စာနယ်ဇင်းအဖွဲ့ကလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ယုဇနဂါးဒင်း ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို သတင်းအေဂျင်စီအလွှာ၊ အွန်လိုင်းအလွှာ၊ ရုပ်သံအလွှာ၊ ပုံနှိပ်မီဒီယာအလွှာကနေ ဗဟိုဦးစီးအဖွဲ့ဝင် ၄၁ ဦးနဲ့ ဗဟိုအလုပ်မှုဆောင် ၁၂ ဦးကို ဖွဲ့စည်းခဲ့ပါတယ်။ ရာနှုန်းပြည့် လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခဲ့တယ်လို့ အဲဒီပွဲတက်ရောက်ခဲ့တဲ့ သတင်းစာဆရာတွေက ပြန်ပြောပြပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကို ဥက္ကဋ္ဌ - ဦးစိုးသိန်း(မောင်ဝံသ)၊ ဒု ဥက္ကဋ္ဌ တွေကတော့ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်)၊ ဦးသီဟစောနဲ့ ဦးဝင်းငြိမ်း အတွင်းရေးမှူး ဦးဖိုးနိုင်လင်း၊ တွဲဖက်အတွင်းရေးမှူးတွေကတော့ ဒေါက်တာမျိုးမင်းထိုက်၊ ဦးကျော်စွာမင်း၊ မေသင်္ကြန်ဟိန်းနဲ့ အမှုဆောင်အဖွဲ့ဝင်တွေကတော့ ဘဏ္ဍာရေးမှူး ဒေါ်ဆင့်ဆင့်အောင်၊ စာရင်းစစ်မှူး ဦးအောင်သူမြိုင်၊ ပြန်ကြားရေးမှူး ဦးမြတ်ခိုင်၊ နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်းတို့ ဖြစ်ကြပါတယ်။
ဒီနေ့ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို အနယ်နယ်က သတင်းစာဆရာနဲ့ လေ့လာသူ ၂၀၀ ကျော် တတ်ရောက်ခဲ့တယ်လို့ ဦးစောလင်းအောင်က ပြောပါတယ်။

ညီလာခံကျင်းပဖို့ အချိန် ၄ လကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ပြီးတော့ သတင်းစာဆရာ အားလုံးပါဝင်နိုင်အောင် ကြိုးစားခဲ့ရပြီး အခက်အခဲတချို့တော့ ရှိတယ်လို့ ဦးစောလင်းအောင်က ရှင်းပြပါတယ်။

“အားလုံး ပါဝင်နိုင်အောင်တော့ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတာပါပဲ။ သို့သော် တချို့ဒေသတွေက သွားလာရေး ခက်ခဲတာရယ်၊ တချို့ဒေသတွေကျတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ သတင်းထောက်အင်အား မစုစည်းနိုင်တာတွေ ရှိတော့ အဲဒါမျိုးလေးတွေ အခက်အခဲလေးတွေ ရှိပါတယ်။”

ညီလာခံမှာ အသင်းရဲ့ သဘောထား စာနယ်ဇင်းလွတ်လပ်ခွင့် နိုင်ငံတကာစံနှုန်းနဲ့အညီ ရရှိခံစားဖို့နဲ့ သတင်းစာဆရာတွေရဲ့ လုပ်ကိုင်ခွင့်ကို အကာအကွယ်ပေးဖို့နဲ့ သတင်းစာပညာ လေ့လာဆည်းပူးရေး၊ လူမှုဘ၀တိုးတက်ရေးနဲ့ သက်သာချောင်ချိရေးတွေအတွက် လုပ်ဆောင်သွားမယ်လို့ ကြေညာထုတ်ပြန်ထားပါတယ်။

မကြာမီရက်တွေက တရားစွဲဆိုခံထားရတဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေ အတွက်လည်း အသင်းရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကနေ ပေါင်းစည်းပြီး ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဦးစောလင်းအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013