DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် အိမ်ရှင်မများဦးဆောင်ပြီး ဂိမ်းလောင်းကစားရုံများကိုဖျက်ဆီး
DVB
·
September 18, 2018
ကွတ်ခိုင်တွင် အိမ်ရှင်မများဦးဆောင်ပြီး ဂိမ်းလောင်းကစားရုံများကိုဖျက်ဆီး
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ  လူငယ်တွေကို အကျင့်စာရိတ္တ ဂျက်ပြားစေတဲ့ ဂိမ်းလောင်းကစားရုံတွေကို မြို့ခံအိမ်ရှင်မတွေက ဦးဆောင်ကာ သွားရောက်ဖျက်ဆီးခဲ့ကြပါတယ်။

ကွတ်ခိုင်မြို့မှာ ဂိမ်းဆိုင်တွေ တနေ့တခြားတိုးလာပြီး လူလတ်ပိုင်းမှာရော၊ ကျောင်းသား လူငယ်တွေကြားမှာပါ ခိုးဝှက်တာ၊ အကျင့်စာရိတ္တ ပျက်ပြားလာတာတွေကြောင့် အိမ်ရှင်မတွေ အနေနဲ့ သည်းမခံနိုင်တော့ဘဲ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ ဂိမ်းဆိုင်တွေကို သွားရောက်ဖျက်ဆီးခဲ့တယ်လို့  မိခင်တဦးဖြစ်သူ ဒေါ်နန်းနန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ရပ်ကွက် ၈ မှာ ဂိမ်းဆိုင်တွေက တရုံပြီးတရုံဖွင့်လာတော့ အရမ်းများလာပြီလေ။ အဲဒါ ခိုးတာ၊ ၀ှက်တာ၊ ဖိုးသမား ဘိန်းစားတွေလည်း အရမ်းပေါတယ်။ အိမ်ဖောက်ခံရတာ လည်း ဒီနှစ်ထဲမှာ ဆယ်အိမ်ကျော်ပြီ။ ကလေးသူငယ်တွေ ကျောင်းနေတဲ့ အရွယ်လေးတွေက ကျောင်းလည်း မသွားတော့ဘူး။ မိဘပိုက်ဆံခိုးပြီး အဲဒီဂိမ်းဆိုင်ဘဲ သွားနေကြတယ်။ မိဘတွေ လည်း မနိုင်တော့ဘူး။ လင်မယားချင်းလဲ ရန်ဖြစ်၊ ပြဿနာတွေလည်း အကြီးကျယ်ဖြစ်၊ အဲဒါနဲ့ ဂိမ်းဆိုင်ပိတ်ပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားတိုင်ကြတယ်။ ရပ်ကွက်လူကြီးက သွားပြော တာကိုလည်း သူတို့က ဂရုမစိုက်တော့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သွားဖျက်လိုက်တာ၊ အများအားဖြင့် အိမ်ရှင်မတွေပေါ့။ ကိုယ့်ယောက်ျားက လောင်းကစားပြီး ရန်ဖြစ်ရင် ကိုယ်ပဲခံရ တယ်။ သားတွေကလည်း ဂိမ်းစွဲပြီးရင် အမေမှန်းမသိတော့ဘူး။ သူတို့က ပြန်လုပ်ရင် ကိုယ်က မိန်းမသား အားလည်း မရှိဘူး။”

ဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေဟာ ဂိမ်းဆိုင်ပြဿနာ အစည်းအဝေးလုပ်ခဲ့ကြောင်း၊ အစည်းဝေးပြီးတာနဲ့ ဂိမ်းဆိုင်တွေရှိရာကို သွားပြီး ဆိုင်ပိတ်ပေးဖို့ ပြောဆိုကာ ဆိုင်တာဝန်ခံတွေဆီက ကတိဝန်ခံချက်လက်မှတ်တွေ ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက်နေ့တွေမှာ ဂိမ်းဆိုင်ဖွင့်မြဲဖွင့်နေလို့ ၁၆ ရက်နေ့မှာ တဖန်အစည်းဝေး လုပ်ခဲ့ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း တားမြစ်ချက်ကို ဂိမ်းဆိုင်က လိုက်မနာတော့ ခင်ဗျားတို့ သဘောဘဲလို့ မီးစိမ်းပြလိုက်တာနဲ့ အားလုံးက လက်ညီတက်ညီ သွားရောက်ဖျက်ဆီး ခဲ့ တယ်လို့ မနန်းနန်းက ပြောပါတယ်။

ကွတ်ခိုင်မှာ ရပ်ကွက် ၈ အပြင် ရပ်ကွက် ၃၊ ရပ်ကွက် ၆ နဲ့ ခိုလုံရွာသွားတဲ့လမ်းမှာရော၊ လွယ်ဆမ်ဆစ်တောင်ခြေမှာပါ ဂိမ်းဆိုင်တွေ ဖွင့်ထားကြောင်း၊ တချို့က လက်နက်ကိုင်အဖွဲ့ အစည်း ကျောထောက်နောက်ခံရှိတဲ့အတွက် အာဏာပိုင်တွေလည်း ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူးလို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013