
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့မှာ ဒုမြို့နယ်တရားသူကြီးနဲ့ ရဲဝန်ထမ်းတချို့ကို အရေးယူဆောင်ရွက် ပေးရေးအတွက် ကျိုက်ပဒိုင်ကျေးရွာဒေသခံ ၁၀၀ ဝန်းကျင်က ဆန္ဒပြ တောင်းဆိုပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာလ ၁၇ ရက်မနက်က သနပ်ပင်မြို့နယ် ဈေးတံတားနဲ့ မြို့နယ်တရားရုံးရှေ့မှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။
ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးလင်းလင်းနိုင်က “သြဂုတ် ၁၁ ရက်နေ့က တရားရှုံးတဲ့ မိသားစုနေအိမ်ကိုဖယ်ရှားပေးဖို့အတွက် ရဲဝန်ထမ်းတွေနဲ့ တရားလိုအပါအဝင် ဒုမြို့နယ် တရားသူကြီးကိုယ်တိုင် နေအိမ်ပေါ်တက်ရောက် ဖယ်ရှားခဲ့တာဟာ ဥပဒေကိုကျော်လွန် လုပ်ကိုင်တာဖြစ်တာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ ပြောပါတယ်။
သနပ်ပင်မြို့နယ်တရားသူကြီး ဦးကျော်ဇင်နိုင်က တော့ အခုလို နေအိမ်ရှင်းလင်း ဖယ်ရှားတာဟာ တရားဥပဒေကျင့်ထုံး ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်မှုပေါ်ပေါက်ရေး ဥပဒေကို ကျော်လွန်ချိုးဖောက် လုပ်ကိုင်တဲ့ တရားသူကြီးကိုအရေးယူပေးရေး အပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ကို အရေးယူ ပေးရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သတင်း-ဓာတ်ပုံ-အောင်ကျော်











