DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရှမ်းအလုပ်သမား ၁ ဦး အသတ်ခံရပြီး မိလ္လာတွင်းထဲစွန့်ပစ်ခံရ
DVB
·
September 17, 2018
ချင်းမိုင်တွင် ရှမ်းအလုပ်သမား ၁ ဦး အသတ်ခံရပြီး မိလ္လာတွင်းထဲစွန့်ပစ်ခံရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်လိမ်းမြို့နယ်ထဲမှာ ရက် ၂၀ ကျော် ပျောက်ဆုံးနေတဲ့ ရွှေ့ပြောင်းလုပ်သား တဦးကို မိလ္လာတွင်းထဲမှာ အသတ်ခံထားရတဲ့အလောင်းအနေနဲ့ ပြန်တွေ့ခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့ကနေ ချင်းမိုင်မှာ ဆောက်လုပ်ရေး အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်သူ စိုင်းထွန်း (အသက် ၄၅ နှစ်) ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။

သူရဲ့သားဖြစ်သူက လိုက်လံရှာဖွေရာမှာ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ မယ့်လိမ်းမြို့နယ်၊ မိုင်ကယောက်အုပ်စု၊ နမ့်တွန့်ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုရှိ မိလ္လာတွင်းထဲမှာ ရိုက်နှက်ကြိုးတုပ်ထားတဲ့ အလောင်းပြန်တွေ့ခဲ့တယ်လို့  ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ စိုင်းပိုင်က ပြောပါတယ်။

“ပျောက်နေတဲ့ စိုင်းထွန်းအလောင်းကို မိလ္လာတွင်းထဲမှာတွေ့ပြီလို့ အလုပ်သမားတွေက ဖုန်းဆက်လာတဲ့အတွက် ကျနော်လည်း ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားပေးလိုက်တယ်။ ပြီးတော့ ၁၅ ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေ၊ မှုခင်းဆရာဝန်တွေနဲ့အတူ အလောင်းကို သွားသယ်ခဲ့ကြပါတယ်။ အလောင်းကို ထိုင်နေတဲ့ပုံစံနဲ့ ကြိုးတုပ်ထားတယ်။ သေဆုံးတာကြာပြီ ဆိုတော့ အသားတွေပုပ်ပြီး တချို့နေရာအရိုးပဲ ကျန်တယ်။ တူနဲ့ထုနှက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ သူ့အလောင်းကို ဆေးရုံသယ်သွားပြီး စစ်ဆေးနေပါတယ်”

ဒီမတိုင်ခင်က သေဆုံးသူစိုင်းထွန်းရဲ့သားဟာ ဖခင်ပျောက်ဆုံးသွားတဲ့အတွက် ရဲစခန်း မှာ လူပျောက်တိုင်ထားခဲ့သလို ဖခင်သွားတတ်လာတတ်တဲ့နေရာတွေ လိုက်လံ စုံစမ်းခဲ့ရာမှာ ဆိုင်ကယ်အရောင်းဆိုင်တဆိုင်မှာ ဖခင်ရဲ့ဆိုင်ကယ်ကိုတွေ့လို့ ဆိုင်ရှင်ကို မေးကြည့်ရာမှာ စိုင်းတဆိုသူက လာရောက်ရောင်းချပြီး ဆိုင်ကယ်အသစ်နဲ့ လဲလှယ်သွားတယ်လို့ သိရတဲ့ အတွက် စိုင်းတရဲ့အိမ်ကို သွားမေးခဲ့တယ်လို့ ဆိုပါတယ်။

စိုင်းတတို့အိမ်ကို ရောက်တဲ့အခါ စိုင်းတရဲ့ဇနီးကိုသာ တွေ့ရပြီး သူ့ဇနီးက စိုင်းထွန်းဟာ အရင်လက သူ့ယောက်ျားဆီလာလည်ရင်း ခြံထဲမှာ အရက်အတူထိုင်သောက်ကြောင်း၊ ခဏ အကြာ ခိုက်ရန်ဖြစ်ပွားသံတွေကြားလို့ သွားကြည့်တော့ သွေးစတွေ တွေ့ရကြောင်း၊ အဲဒီသွေး စဟာ စိုင်းထွန်းရဲ့သွေးတွေဖြစ်ပြီး ရန်ဖြစ်ရင်း ဒဏ်ရာရလို့ ဆေးရုံပို့ထားတယ်လို့ ပြောပါတယ်။

စိုင်းထွန်းရဲ့သားနဲ့ တခြားလုပ်ဖော်ကိုင်ဘက်တွေက ဆေးရုံကိုလိုက်မေးရာမှာ အဲဒီနာ မည်နဲ့လူနာ ရောက်မလာဘူးလို့ပြောတဲ့အတွက် စိုင်းတတို့ခြံထဲကို နောက်ထပ်ပြန်ပြီး သေချာ ရှာဖွေခဲ့ကြောင်း၊ မိလ္လာတွင်းအနီး အပုပ်နံ့ရတဲ့အတွက် မိလ္လာတွင်းအဖုံးကို ဖွင့်ကြည့်ရာမှာ စိုင်းထွန်းရဲ့ အလောင်းကို တွေ့ခဲ့တာလို့ ဆိုပါတယ်။

မယ့်လိမ်းရဲတပ်ဖွဲ့က စိုင်းတ ခေါ် စိုင်းဒေါ ကို လူသတ်မှုမှာ သံသယ အရှိဆုံး သူ အဖြစ်သတ်မှတ်ပြီး လိုက်လံစုံစမ်းရှာဖွေရာမှာ မယ့်လိမ်းမြို့နယ်၊ မဲ့ခိရပ်ကွက်ရှိ အိမ်တအိမ်မှာ ပုန်းအောင်းနေကြောင်း သိရတဲ့အတွက် ဒီကနေ့မနက်မှာ ရဲက သွားရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့တယ်လို့  ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူ စိုင်းတခေါ် စိုင်းဒေါဟာ ရှမ်းပြည်တောင်ပိုင်း၊ လဲချားဇာတိဖြစ်ပြီး ဆောက်လုပ်ရေးအလုပ်သမားတဦးဖြစ်ကာ သေဆုံးသူနဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က စိုင်းတ ခေါ် စိုင်းဒေါကို လူသတ်မှုဖြစ်ရတဲ့အကြောင်း ဆက်လက်စစ်ဆေးမေးမြန်းနေပြီး စစ်ဆေးပြီးပါက သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013