DVB Logo
Home
Lead Story
အကျင့်ဆိုး၊ စနစ်ဆိုးတွေ ပြင်ဆင်တဲ့အခါ အခက်အခဲအများကြီးရှိတယ် - ဦးအောင်ကြည်
DVB
·
September 17, 2018
အကျင့်ဆိုး၊ စနစ်ဆိုးတွေ ပြင်ဆင်တဲ့အခါ အခက်အခဲအများကြီးရှိတယ် - ဦးအောင်ကြည်
Donate to DVB

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု အကျင့်ဆိုး၊ စနစ်ဆိုးကို ပြင်ဆင်ရာမှာ အခက်အခဲတွေ အများကြီး ရှိနေတဲ့အကြောင်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပုဂ္ဂလိက အကျိုးစီးပွားထက်  နိုင်ငံတော်အကျိုးစီးပွားကို အဓိကလုပ်ဆောင်ဖို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဒီဗွီဘီကို ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ''ဆင်းရဲခြင်းလွတ်ကင်းအောင်'' ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဦးအောင်ကြည်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မေး - ရန်ကုန်တိုင်းဥပဒေချုပ် အပါအဝင် ရာထူးကြီးတဲ့သူတွေကို အရေးယူလိုက်တဲ့အတွက် ကြိုဆိုမှုတွေ ရှိလာပါတယ်ခင်ဗျ။ နောက်ထပ် အစိုးရအဖွဲ့ထဲကရော မဏ္ဍိုင်ကြီး ၃ ရပ်က တာဝန်ရှိသူ ထိပ်တန်းအရာရှိတွေကိုရော တိုင်ကြားတာတွေ ထပ်မံအရေးယူမှုတွေ အထူးသဖြင့် ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးတွေကို ထပ်ပြီးတော့ စစ်ဆေးစုံစမ်းဖို့ အစီအစဉ်တွေ ရှိမရှိ သိချင်ပါတယ်ခင်ဗျ။

ဖြေ - “ပေါ်ပေါက်လာရင်တော့ ကျနော်တို့က တိုင်ကြားမှုရှိလာတယ်၊ ကျော်ဇောမှုဖြစ်လာတယ် ဆိုရင်တော့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မေး - လက်ရှိအရေးယူခဲ့တဲ့ ကိုအောင်ရဲထွေးကိစ္စမှာ လာဘ်ငွေပေးသူ ဦးခင်မောင်လေးကို တရားလိုပြသက်သေအဖြစ် သတ်မှတ်ထားတာ တွေ့ရတယ်။ သူ့ကို ဥပဒေအရ အရေးယူဖို့ အစီအစဉ်ရှိမရှိ သိချင်ပါတယ်ခင်ဗျာ။

ဖြေ - “ကျနော်တို့ ကော်မရှင်အနေနဲ့ အရေးယူဖို့ အစီအစဉ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အဓိကသက်သေဖြစ်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာ အားလုံးသိတဲ့အတိုင်းပဲ သူ့ဟာသူ တဦးချင်းပေးတဲ့ကိစ္စပါ။ အဲဒီလိုပေးတာကို ပေးတဲ့လူက မဖော်သမျှကာလပတ်လုံး ဒီအမှုက ဖြစ်မြောက်မှာ မဟုတ်ပါဘူး။ ပေးတဲ့လူကို သွားအရေးယူခဲ့ရင် အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲဖြစ်သွားရင် အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပါတယ်။ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ရေးဆိုတဲ့ အများပြည်သူ အကျိုးစီးပွားအလို့ငှာ သူ့ကို အရေးကြီးတဲ့ သက်သေအဖြစ် တာဝန်ပေးထားတာ ဖြစ်ပါတယ်။”

မေး - အန်ကယ်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရတယ်လို့ သတင်းတွေ ကြားနေရပါတယ်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အန်ကယ်တို့ရဲ့ လုံခြုံရေးအတွက် ဘယ်လိုစီစဉ် ဆောင်ရွက်ထားတာရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ - “ဒီကိစ္စအတွက် ဘာမှစိတ်ပူစရာ မရှိပါဘူး။ လုပ်ငန်းဆိုတာတော့ ဒီလိုပါပဲ၊ အလုပ်လုပ်တဲ့အခါ လိုတဲ့သူရှိတယ်။ မလိုတဲ့သူရှိတယ်။ သို့ရာတွင် ကိုယ့်ဘာသာကိုယ် သတိထားပြီးတော့ စောင့်ရှောက်တဲ့သူတွေကလည်း စောင့်ရှောက်ကြသူတွေ ရှိပါတယ်။ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်။”

မေး - အန်ကယ်တို့ ကော်မရှင်က လွတ်လပ်ပြီး ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီလားဆိုတာ ပြည်သူတွေက စိတ်ဝင်စားမှု ရှိနေပါတယ်။ ဖြေကြားပေးပါဦး။

ဖြေ - “လွတ်လပ်မှု ရှိပါတယ်။ ရာနှုန်းပြည့်လွတ်လပ်သလား ဆိုရင် ကျနော်တို့ရဲ့ ဥပဒေအရ ရာနှုန်းပြည့် လွတ်လပ်တယ်လို့တော့ ပြောမရသေးဘူး။ နိုင်ငံတကာ စံနှုန်းထားနဲ့ တွက်မယ်ဆိုရင်ပေါ့လေ။ ဒါပေမယ့် ကျနော်တို့ရဲ့ အတိုင်းအတာနဲ့ အခုလက်ရှိ အခင်းအကျင်းဆိုရင် ကျနော်တို့ဟာ အတော်လေး လွတ်လွတ်လပ်လပ်ရှိတယ်။ နိုင်ငံတော်က လိုအပ်တဲ့ ဥပဒေပြင်ဆင်မှုတွေလည်း လုပ်ပေးထားတယ်။ လိုအပ်တဲ့ အခွင့်အာဏာတွေလည်း ပေးထားတယ်။ ပြီးတော့မှ အားပေးကူညီမှုလည်း ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့က လွတ်လွတ်လပ်လပ်ကို လုပ်နိုင်တယ်ဆိုတဲ့ အနေအထား ရှိပါတယ်။”

မေး - ဘယ်လိုအခက်အခဲတွေများ ရှိမလဲ။ ဘာလို့လဲဆိုတော့ ထိပ်ပိုင်းက အရာရှိတွေကို စစ်ဆေးရတာဆိုတော့။

ဖြေ - “အခက်အခဲကတော့ အများကြီးပေါ့။ ကျနော်တို့ ရှင်းပြခဲ့ပြီးပြီပဲ၊ ကျနော်တို့က စနစ်တခုကို ပြင်နေတာ။ အကျင့်ဆိုးတွေကို ပြင်နေတာ။ အကျင့်ဆိုးက ဘယ်လောက်ကြာခဲ့ပြီလဲ။ လွတ်လပ်ရေးရကတည်းက ဖြစ်လာခဲ့တဲ့ အကျင့်ဆိုးတွေ၊ အဂတိလိုက်စားမှုဆိုတဲ့ အကျင့်ဆိုးတွေ စနစ်ဆိုးတွေဆိုတာ၊ ဒါကြီးတခုလုံးကို ပြင်ဆင်နေတဲ့အခါ ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေ အများကြီး ရှိတာပေါ့ဗျာ။ ရင်ဆိုင်မှုတွေ အများကြီးရှိတာပေါ့။ ကော်မရှင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ ကျန်တဲ့သူတွေရော ကိုယ့်ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဒီအချိန် ဒီအခါမှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကျနော်တို့က စွန့်လွှတ်၊ စွန့်စားပြီး လုပ်နေတာပါ။ ဒါကြောင့် ကျနော်တို့အတွက်ကတော့ ဒါတွေအားလုံးကို မမှုပါဘူးလို့ ပြောချင်ပါတယ်။”

မေး - နောက်ဆုံးမေးခွန်းအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအပေါ် အန်ကယ့်အနေနဲ့ အသိပေး တိုက်တွန်းချင်တာရှိရင် ပြောပြပါလား။

ဖြေ - “သိပ်အရေးကြီးပါတယ်။ အကျိုးစီးပွားပဋိပက္ခ မဖြစ်ပါစေနဲ့ ရုံးဌာနတွေမှာ။ ပုဂ္ဂလိက အကျိုးစီးပွားနဲ့ နိုင်ငံတော်အကျိုးစီးပွားကို ခွဲခြားနားလည်ပါ။ ဘယ်အရာသည် ပုဂ္ဂလိက အကျိုးစီးပွားလဲ၊ ဘယ်အရာသည် နိုင်ငံတော်အကျိုးစီးပွားလဲ။ နိုင်ငံတော် အကျိုးစီးပွားအတွက်ပဲ မိမိက လုပ်ပေးရမယ့် တာဝန်ဝတ္တရားရှိတယ်။ မိမိရဲ့အလုပ်ချိန်တွေ အားလုံးဟာ နိုင်ငံတော်အကျိုးစီးပွားအတွက် လုပ်ရမယ်ဆိုတဲ့ ကျင့်ဝတ်မျိုးကို စွဲမြဲစွာခံယူဖို့ လိုပါတယ်။ ဒါနံပါတ် ၁ အချက်။  နံပါတ် ၂ အချက်ကတော့ တာဝန်ယူမှုရှိရမယ်။ တာဝန်ယူမှုမရှိရင် ဒီဌာနမှာ နိုင်ငံတော်က ပေးအပ်ထားတဲ့ ဘဏ္ဍာရန်ပုံငွေကနေ ရယူသုံးစွဲနေတာဟာ တရားမျှတမှု မရှိပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်ဌာနနဲ့ကိုယ် တာဝန်ယူမှုရှိဖို့ လိုတဲ့အကြောင်း ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013