
တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Ahmet Davutoglue Ahmet Davutoglu နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဒုက္ခသည်စခန်းတချို့ကို သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
ပြည်နယ်ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးသန့်က “လောလောဆယ်တော့ ဒုက္ခသည်စခန်းတွေ လိုက်ကြည့်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ လုပ်နေတယ်လို့တော့ သိရတယ်။ အကုန်လုံးတော့ မသွားနိုင်လောက်ဘူးထင်တယ်။ လောလောဆယ် ကြားတာတော့ ဘဂါင်္လီစခန်း ၃ ခုလောက်နဲ့ ရခိုင်ဘက် ၂ ခုလောက်ပဲ သွားတယ်ကြားတယ်။ ကယ်ဆယ်ရေးစခန်းကတော့ အားလုံး အားလုံးကို ဝေတာပါ” လို့ ပြောပါတယ်။
[caption id="attachment_29068" align="alignright" width="300" caption="တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ဦးသိန်းစိန် တွေ့ဆုံစဉ်"]
[/caption]
မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ စားစရာအထုပ်ပေါင်း ၁၂၀၀ ကျော်ကို ဝေငှခဲ့တာလို့လည်း ပြောပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ ရခိုင်ခရီးကို စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်မြတ်ကျော်က အကောင်းမြင် ကြိုဆိုလိုက်ပါတယ်။
“သူတို့လာတာကလည်း ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လာပြီး ကြည့်တာဆိုတော့ ဖြစ်ပျက်တဲ့အကြောင်းအရာက ဟိုဘက်ဒီဘက် အဓိကရုဏ်းသဘောမျိုး ဘာကြောင့် ဖြစ်လဲပေါ့။ သူလာပြီး ကြည့်တာဆိုတော့ ဒီဘက်မှာ ဘယ်လို လုပ်ထားလဲဆိုပြီး ပိုပြီး တွေးတောနိုင်တာပေါ့။ ဖန်တီးထားတဲ့ဓာတ်ပုံတွေနဲ့ ပြန်နေ့တဲ့ဟာကို တခြားနိုင်ငံတွေကလည်း ကောလာဟလတွေကို ယုံမှားပြီး အမျိုးမျိုးပေါ့ ထင်နေတာ။ သူတို့ ဒီကို ရောက်လာတဲ့အချိန်မှာ အတိုင်းအတာတခုအထိတော့ ဖြစ်နေတဲ့ဟာကို ဖြေလျော့သွားနိုင်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အခုလို လာကြည့်တာ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ ရခိုင်ဒုက္ခသည်စခန်း ၅ ခုနဲ့ ဘင်္ဂါလီဒုက္ခသည်စခန်း ၆ ခုတို့ရှိပြီး ဒုက္ခသည်ပေါင်း ၆ သောင်းကျော် ရှိပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ရှေ့လာမယ့် သီတင်းပတ်ထဲ ဆော်ဒီအာရေဗျ နိုင်ငံမှာပြုလုပ်မယ့် အစ္စလာမ်မစ်နိုင်ငံများ အဖွဲ့ အစည်းအဝေးမှာ ပြန်လည်တင်ပြသွားမှာ ဖြစ်ပါတယ်။
ရခိုင်ခရီးမသွားခင် ဩဂုတ်လ ၉ ရက်က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။











