DVB Logo
Home
မြန်မာသတင်း
ပါတီများ မြန်မာနိုင်ငံအခြေအနေ ကုလသမဂ္ဂကို တင်ပြ
DVB
·
August 10, 2012
ပါတီများ မြန်မာနိုင်ငံအခြေအနေ ကုလသမဂ္ဂကို တင်ပြ
Donate to DVB

နိုင်ငံရေးပါတီ ၂၄ ပါတီက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေက မြန်မာပြည်ရဲ့အခြေအနေအရပ်ရပ်ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာရဲ့ လက်ထောက်အရာရှိကို ဒီနေ့ ရှင်းလင်းတင်ပြကြပါတယ်။

ကုလသမဂ္ဂအရာရှိက မြန်မာနိုင်ငံကို အကူအညီ ထောက်ပံ့ရေး ကိစ္စတွေမှာ အခြေအနေကို သိဖို့ ပါတီတွေကို ဖိတ်ခေါ်မေးမြန်းတာဖြစ်ပါတယ်။

ရန်ကုန်မြို့ အီးဂရက်စ်ရုံးမှာ ကုလသမဂ္ဂအရာရှိရဲ့ အချက်အလက် ရယူစုဆောင်းတဲ့ ၂ နာရီခွဲနီးပါးကြာ တွေ့ဆုံပွဲမှာ  ပါတီတွေက ပြည်ထောင်စုစစ်စစ်ကို လိုလားပုံနဲ့ လက်ရှိ ရခိုင်ပြည်နယ် အခြေအနေကို ဦးစားပေးတင်ပြကြတယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်း က ပြောပါတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုချင်တယ်လို့ တိုင်းရင်းသားအများက ပြောတယ်။ အဓိက တစ်အချက်က ဘင်္ဂါလီကိစ္စကို အတော်များများ ပြောကြတယ်။ နှစ်အချက်က ကုလသမဂ္ဂက ကူမယ်ဆိုရင် ကျန်းမာရေး၊ ပညာရေး၊ စသည်ဖြင့် ရင်ကြားစေ့ရေး အဲဒါတွေကို ကူပေးပါ။ အဓိက မစ္စတာ ကင်တားနား လာသွားတုန်းက ကုလသမဂ္ဂကနေပြီးတော့ ရိုဟင်ဂျာတွေဘက်ကို ပါတယ်လို့ တိုင်းရင်းသားအများက လက်ခံတယ်။ သေချာ ကျကျနန ဒီကိစ္စကို ဆွေးနွေးပေးပါ၊ သေချာစုံစမ်းပေးပါ၊ ပြီးတော့မှ ကုလသမဂ္ဂက မှန်မှန်ကန်ကန်လေး ကြားဝင်ပေးပါလို့ ပါတီအတော်များများက ပြောပါတယ်။”

ရခိုင်ပြည်နယ် ပဋိပက္ခ္ခကို ရှုမြင်ရာမှာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမီဒီယာတချို့က ဘဂါင်္လီဘက်က လိုက်ပါပြောဆိုချက်တွေနဲ့ ပတ်သက်တဲ့ မကျေနပ်ချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြကြပြီး ကုလသမဂ္ဂက ဘက်မလိုက်ဘဲ ကြားနေဖို့ တင်ပြကြပါတယ်။

တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှု နောက်ကျမှု၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုတွေကိုလည်း ပါတီတွေက တင်ပြကြပါတယ်။

ရခိုင်ပြည်နယ်မှာသာမကပဲ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ၀န်ထမ်းနဲ့ အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေက လူမျိုးတွေ မြန်မာနိုင်ငံသား မှတ်ပုံတင်တွေ ရယူနေထိုင်နေတာတွေကို ရှင်းပြကြတယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

“ရခိုင်က အများဆုံး မကျေနပ်တာတွေ ပြောတယ်။ သူတို့ရဲ့ နယ်မြေတွေမှာ အရင်က လူဝင်မှုကြီးကြပ်ရေးက လာဘ်စားတယ်၊ အုပ်ချုပ်တဲ့သူတွေက လာဘ်စားပြီးတော့မှ ဘင်္ဂါလီတွေ ၀င်လာတယ်လို့ ပြောတယ်။ ချင်းကလည်း ဒီဘင်္ဂါလီတွေတင်မဟုတ်ပါဘူးတဲ့။ ချင်း၊ ကချင်၊ ရှမ်းပြည်တွေမှာပါ အိမ်နီးနားချင်း နိုင်ငံတွေက မှတ်ပုံတင်မရှိဘဲနဲ့ လာပြီး ကိုယ့်တိုင်းပြည်မှာ မှတ်ပုံတင်လည်းရတယ်၊ ပိုက်ဆံပေးရင် အကုန်ရတယ်တဲ့။ အဲဒါကို ကုလသမဂ္ဂက ဘင်္ဂါလီဘက်က ပါတယ်ဆိုပြီး မကျနပ်ကြတဲ့သူတွေက များတယ်။”

ကုလသမဂ္ဂက အတိတ်က အစဉ်တစိုက်ပြောဆိုတဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုချက် နောက်ဆုံး အခြေအနေ ကို မေးမြန်းခဲ့ကြပြီး ဆွေးနွေးပွဲမှာ အာလုံးပါဝင်ရေး လိုလားတာကို ထုတ်ဖော်ကြတယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုဟာ ကုလသမဂ္ဂအဖွဲ့အနေနဲ့ ပါတီအရေအတွက် အများအပြားကို တချိန်တည်း ဖိတ်ကြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013