
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ ကျောက်တော်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တောင်သူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တောင်သူလယ်သမား ၁၀၃ ဦးဆီကနေ လယ်ယာမြေတွေ ၁၃၁၆ ဒသမ ၈၆ ဧကကို စကခ (၉) နဲ့ ခမရ (၃၇၄) တို့က ၁၉၉၄ ကနေ ၁၉၉၉ နှစ်တွေတုန်းက သိမ်းဆည်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။
လယ်ဧက ၁၃၁၆ ဒသမ ၈၆ဧကကို ကျောက်တော်မြို့နယ် လမ်းမတော်၊ ညောင်ပင်လှ၊ ပိန္နဲချောင်းကျေးရွာတောင်သူတွေဆီက သိမ်းဆည်းယူခဲ့တာလည်းဖြစ်ပါတယ်။
ဒီသိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သက်လို့ သြဂုတ် ၂၉ ရက်နေ့က အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာနကဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သိမ်းဆည်းမြေတွေအတွက် လျော်ကြေးငွေတွေ ပေးလျော်ပြီးဖြစ်တာကြောင့် လျော်ကြေးငွေ ပေးလျော်နိုင်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပါတယ်။
သိမ်းဆည်းခံတောင်သူတွေကတော့ အခုအချိန်အထိ ဒီလယ်ယာမြေတွေနဲ့ပတ်သက်လို့ လျှော်ကြေးငွေတစုံတရာလက်ခံရရှိတာ မရှိဘဲ တပ်ကနေ တခြားသူတွေကို အကျိုးတူ ငှားရမ်းထားတယ်လို့ ပြောပါတယ်။
လယ်ယာမြေတွေနဲ့ပတ်သက်လို့ တောင်သူတွေ လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာကလည်း လယ်ယာမြေလျှော်ကြေးရရှိရေးအတွက် လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း တောင်သူတွေက ရှင်းပြပါတယ်။
ဝဏ္ဏခွာညို










