DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးမှု လျော့ချရေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အဓိက ရည်မှန်းချက်ဖြစ်
DVB
·
September 16, 2018
ဆင်းရဲနွမ်းပါးမှု လျော့ချရေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အဓိက ရည်မှန်းချက်ဖြစ်
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အဓိက ရည်မှန်းချက်က ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောဆိုပါတယ်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)က ဒီနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ တတိယအကြိမ် ယောမင်းကြီးဇရပ် စကားဝိုင်း “ဆင်းရဲခြင်း လွတ်ကင်းအောင်” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောဆိုလိုက်တာပါ။

ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု စပ်ဆက်နေတဲ့ အကြောင်းတရားတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အခုလို ပြောပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့စကား ပြောလိုက်တာနဲ့ လူအများရဲ့စိတ်ထဲမှာ တိုင်ကြားစာတွေ စိစစ်မယ်၊ စုံစမ်းမယ်၊ အရေးယူမယ် ဒီလောက်ပဲ ခေါင်းထဲမှာ ရောက်လာကြတယ်။ ပြီးရင်တဆက်တည်း ငါးကြီးတွေဖမ်းကြ၊ ငါးလေးတွေဖမ်းကြ၊ မြန်မြန်ဖမ်း များများဖမ်းဆိုတဲ့ အယူအဆတွေပဲ ရှိပါတယ်။ ဒီကိစ္စတွေကိုလည်း သေချာပေါက် ကြိုးစားပြီး တက်နိုင်သလောက် လုပ်သွားမှာဖြစ်ပါမယ်။ ကျနော်တို့ အလုပ်က ဒီလောက်လေးတော့ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အန္တိမရည်မှန်းချက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄ မှာ ဖော်ပြထားပါတယ်။ အဲဒါက ဘာလဲဆိုလို့ရှိရင် သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းလာစေရန်ဆိုတာက အဓိကအချက်ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေအပါအ၀င် ပစ္စည်းဥစ္စာတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့၊ နောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရအောင် အထောက်အကူပေးဖို့ဆိုတဲ့ အချက်တွေ အဓိကအားဖြင့် ပါပါတယ်။ ဒါတွေဟာဘာတွေလဲ ဆိုရင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ဖို့အတွက် အဓိကလိုအပ်တဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ အဲဒီတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုတာဟာ တကယ့်တကယ်တော့ စိစစ်ရေး လုပ်ငန်းမျှသာမကပဲနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ဖို့အတွက် ယန္တရားတခုဖြစ်တယ်လို့  အားလုံးက ရှုမြင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော်တို့အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ လူပုဂ္ဂိုလ်တွေကို တိုက်ဖျက်နေတာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေကိုလည်း တိုက်ဖျက်နေတာ မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လာဘ်ငွေယူခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိတွေ၊ တရားသူကြီးနဲ့ ရဲစခန်းမှူးအပါအ၀င် ၆ ဦးကို သိန်း ၇၀၀ ကျော် လာဘ်စားမှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်နဲ့ သြဂုတ်အတွင်းကလည်း ပြည်ပမှ တင်သွင်းတဲ့ မူဝါဒသတ်မှတ်ချက်ကိုက်ညီမှု မရှိတဲ့ယာဉ်တွေကို ရန်ကုန် ဆိပ်ကမ်းမှတဆင့် ထုတ်ယူရာမှာ လာဘ်စားခဲ့တယ်ဆိုပြီး အကောက်ခွန်အရာရှိ ၂၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူခဲ့ပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၃၀ မှာ တည်ရှိနေတယ်လို့ သိရပါတယ်။

ယောမင်းကြီးဇရပ် တတိယမြောက်စကားဝိုင်းမှာ ISP Myanmar ရဲ့ ပြင်ပဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်၊ ဒေါက်တာ နန္ဒဝင်း၊ တကိုယ်တော်ပရဟိတ သမားကွန်ရက်မှ မခင်နှင်းကြည်သာ၊ မသန်စွမ်းထူးချွန် လူငယ်တဦးဖြစ်တဲ့ မစုပုံချစ်၊ အေးချမ်းမြန်မာ အင်စတီကျူရဲ့ မူဝါဒရေးရာ အကြံပေး ဆလိုင်းအိုက်ဇက်ခင်၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)မှ ဒေါ်မိုးမိုးထွန်း၊ စီးပွားရေးဆိုင်ရာ စာရေးဆရာ သန်းစိုး (ဘောဂဗေဒ)၊ မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနဲ့ လယ်သမားရေး ဆောင်ရွက်သူ ဦးခင်ထွန်း၊ အဆိုတော် စောဖိုးခွားတို့ ပါဝင်ဆွေးနွေးခဲ့ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013