DVB Logo
Home
မြန်မာသတင်း
သတင်းမှန် သိခွင့်ရရေးအတွက် ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုချက်ရပြီ
DVB
·
September 16, 2018
သတင်းမှန် သိခွင့်ရရေးအတွက် ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုချက်ရပြီ
Donate to DVB

ပြည်သူတွေ သတင်းမှန် သိခွင့်ရရေးအတွက် ဒီနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှာကို ရဲစခန်းတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ငြင်းပယ်ခဲ့ပေမယ့် အခုတော့ ခွင့်ပြုလိုက်ပြီလို့ ဦးဆောင်ခဲ့သူတွေက ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပြည်သူတွေ သတင်းမှန် သိခွင့်ရရေးအတွက် စက်တင်ဘာ ၁၆ ရက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ဖို့အတွက် လမ်းကြောင်း ၂ ခုကို သက်ဆိုင်ရာ ရဲစခန်းတွေကို ကြိုတင်အကြောင်းကြားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

သခင်မြပန်းခြံကနေ ဆူးလေကိုလမ်းကြောင်းတခုနဲ့ ဗိုလ်စိန်မှန်ကွင်းကနေ ဆူးလေကို ဆန္ဒပြ လမ်းကြောင်းတခု အကြောင်းကြားခဲ့ပေမယ့် လမ်းကြောင်းတလျှောက် ရဲစခန်းတွေက အများပြည်သူ ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေတာ၊ စိတ်ငြိုငြင်စေတာ၊ အန္တရာယ်ဖြစ်စေတာ ဒါမှမဟုတ် ထိခိုက်နစ်နာစေတာတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တာမွေ ဟစ်တိုင်ကွင်းကို ပြောင်းလဲလျှောက်ထားဖို့ အကြောင်းပြန်ခဲ့ကြပါတယ်။

ပြီးတော့ လျှောက်ထားတဲ့ မြို့နယ်တွေဟာ ရန်ကုန်တိုင်းမှာ ဆန္ဒဖော်ထုတ်တာ မလုပ်ဖို့ ကန့်သတ်ထားတဲ့ နေရာတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့နဲ့ အထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြဖို့ စက်တင်ဘာ ၁၄ ရက်မှာ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားခဲ့ပေမယ့် ထပ်ပြီး ငြင်းပယ် လိုက်ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၅ ရက်က အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် ထပ်ပြီး ငြင်းပယ်ပါတယ်။

ဦးဆောင်အကြောင်းကြားခဲ့သူတယောက်ဖြစ်တဲ့ အသံအဖွဲ့က ကိုဇင်မင်းဖြိုးက “အဲဒီတုန်းက ခရိုင်မှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကို အထက်ကိုတင်ပြတဲ့အခါ အဆင်ပြေတယ်လို့ အနောက်ပိုင်းခရိုင် ရဲမှူး ဦးသိန်းလွင်က ညနေ ၃ နာရီလောက်မှာ ဖုန်းဆက် အကြောင်းကြားလာတာကြောင့် အနောက်ပိုင်းခရိုင် ရဲစခန်းကို သွားရောက်ပြီး ထပ်မံညှိနှိုင်းဆွေးနွေးတဲ့အခါ မဟာဗန္ဓုလပန်းခြံမှာလုပ်ဖို့ အဆင်ပြေခဲ့ပါတယ်” လို့ ပြောပါတယ်။

သတင်းထောက်တွေကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေက စိုးရိမ်ကြောင်း ပြောဆိုကြပြီး သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြတာပါ။

ဓာတ်ပုံ -Hline Thint Zin Wai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013