
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်မြေ ၄ သဲချောင်းကျေးရွာအုပ်စု မော်လဝီကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့ည ၉ နာရီလောက်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အမည်မသိလူ ၁ဝ ဦးလောက် ကျေးရှာထဲ ဝင်လာပြီး ရွာသားတွေကို ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ပြီး ရွှေငွေတွေ ဓားပြတိုက်သွားတယ်လို့ နယ်မြေ ၄ နယ်ခြားစောင့်စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
မိသားစု ၂ စု ဓားပြတိုက်ခံရတာဖြစ်ပြီး ဦးအောင်လှဖြူ နေအိမ်ကနေ ဖုန်း ၃ လုံး၊ ငွေ ၅ သောင်းကျပ်နဲ့ ရွှေနားကပ်တရံ၊ ကာလတန်ဖိုး ၁၅ဝဝဝဝ ကျပ်၊ ဒေါ်နော်ကီဘေကွန် နေအိမ်ကနေ ငွေကျပ် ၁၉ သိန်း၊ ၁ ကျပ်သား ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊ ရွှေနားကပ် ၁ ရံနဲ့ ဖုန်း ၁ လုံး ပါရှိသွားတယ်လို့ ဆိုပါတယ်။
ကျေးရွာသားတွေရဲ့ ပြောကြားချက်အရ ဓားပြအင်အား ၁ဝ ဦးလောက်ရှိပြီး လုပ်သေနတ် ၁ လက်နဲ့ တုတ်ဓားများ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။
ဓားပြတိုက်နေကြောင်း ကျေးရွာသားက သာယာကုန်းကျေးရွာ ကင်းစခန်းအား ဖုန်းနဲ့ အကြောင်းကြားတာကြောင့် ကင်စခန်းက သေနတ်တချက် ပစ်ဖောက်ခဲ့တဲ့အတွက် ဓားပြတွေ တောထဲဝင်ပြေးသွားကြတယ်လို့ သိရပါတယ်။
မော်လဝီကျေးရွာမှာ အရင်က အိမ်ခြေ ၇ဝဝ ကျော်ရှိပြီး ARSA အကြမ်းဖက်မှုဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားကြတာကြောင့် အခုအခါ အိမ်ခြေ ၂ဝ သာ လောက်သာ ရှိတယ်လို့ သိရပါတယ်။











