DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ အသေးစား ရက်ကန်းလုပ်ငန်းများ ရပ်နားထားရ
DVB
·
September 15, 2018
ကလေးမြို့ အသေးစား ရက်ကန်းလုပ်ငန်းများ ရပ်နားထားရ
Donate to DVB

အခုနှစ် မိုးရာသီမှာ ရက်ကန်းသုံး ကုန်ကြမ်းချည်နဲ့ အလုပ်သမား ရှားပါးလာမှုကြောင့် အသေးစား ရက်ကန်းလုပ်ငန်းတွေအနေနဲ့ လုပ်ငန်း ရပ်နားထားရတယ်လို့ ရွှေထိပ်တန်း ချင်းရိုးရာ ရက်ကန်းအသင်းဥက္ကဋ္ဌ ကိုမျိုးမြင့်နိုင်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့က အရင်းနှီးက ချည်ထုတ်တွေကို အိန္ဒိယတို့ တရုတ်တို့ကနေ ကုန်သည်ကြီးတွေလို မဝယ်နိုင်တော့ သူတို့ဆီက ဝယ်ရတယ်။ ချည်ကလည်း ဈေးတက်တယ်။ အဲ့ဒါအပြင် ကုန်သည်တွေဆီက ချည်ကို ဈေးကြီးပေးဝယ်ရသလို သူတို့ဆီကိုပဲ အချောပြန်သွင်းတဲ့အခါ ဈေးက အပြင်ပေါက်ဈေးထက် ထက်ဝက်နီးပါးပဲ လျော့သွင်းရတော့ လုပ်အားခနဲ့ မကိုက်ဘူး။ ဒါကြောင့် လုပ်ငန်းတွေ ရပ်ထားရတယ်။"

ကလေးဒေသ ရက်ကန်းခတ်သူတွေအနေနဲ့ အသုံးပြုများတဲ့ ချည်တွေက တရုတ်နဲ့ အိန္ဒိယကလာတဲ့ ချည်တွေဖြစ်ပြီး အိန္ဒိယချည်တွေကိုပဲ သုံးတာ များတယ်လို့ သိရပါတယ်။ အိန္ဒိယချည် ၁ ကီလိုကို ၂၉၅၀၀ ကျပ်ကနေ ၃၁၀၀၀ ထိ ပေးဝယ်နေရတယ်လို့လည်း ဦးမျိုးမြင့်နိုင်က ပြောပါတယ်။

"အလုပ်သမားလည်း ရှားလာတယ်။ သူတို့ကို အထည်တန်ဖိုးရဲ့ သုံးဆတစ်ဆ ပေးရတယ်။ ခုက အထည်ပြန်သွင်းဈေးက အပြင်မှာ ၁၅၀၀၀ တန်ကို ၈၀၀၀/၉၀၀၀ လောက်နဲ့ ပြန်သွင်းရတော့ ရက်ကန်းယက်သူတွေအတွက်လည်း အချောတထည်ကို ၃၀၀၀ လောက်ရတော့ ဒါကို မလုပ်ချင်ကြတော့ဘူး။ အချောထည်က တရက်မှ တကွင်းလောက်ပဲ ပြီးတာလေ" လို့ ရက်ကန်းသမတဦးက ဆိုပါတယ်။

ကလေးမြို့က ချင်းရိုးရာ ရက်ကန်းထည်တွေအနေနဲ့ ဈေးကွက်မှာ ဈေးကောင်းရနေပေမယ့် ကုန်လှောင်ကုန်သည် အရင်းနှီးများသူတို့သာ အကျိုးခံစားမှုများပြီး အောက်ချေ အလုပ်သမနဲ့ အသေးစားလုပ်ငန်းရှင်တွေအတွက်တော့ အဆင်မပြေတာကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်းကနေ အခုချိန်ထိ ရက်ကန်းစင် ၂၀၀၀ လောက် ရပ်နားခဲ့ရတယ်လို့လည်း သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013