DVB Logo
Home
မြန်မာသတင်း
စာပေစိစစ်ရေးလုပ်ငန်းများ ရုပ်သိမ်းရတော့မည်ဟုဆို
DVB
·
August 10, 2012
စာပေစိစစ်ရေးလုပ်ငန်းများ ရုပ်သိမ်းရတော့မည်ဟုဆို
1 / 3
Donate to DVB

အစိုးရကဖွဲ့စည်းပေးလိုက်တဲ့ စာနယ်ဇင်းကောင်စီတရပ် ပေါ်ပေါက်လာပြီမို့ စာပေစိစစ်ရေးလုပ်ငန်းတွေ ရုပ်သိမ်းရတော့မယ်လို့ ကောင်စီအတွင်းရေးမှူးက ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဩဂုတ်လ ၉ ရက် နေ့စွဲနဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီရဲ့ အတွင်းရေးမှူး ဦးကိုကိုက ပြောကြားလိုက်တာပါ။ “စာနယ်ဇင်းကောင်စီဥပဒေရေးဆွဲခိုင်းထားတယ်။ စာနယ်ဇင်းကောင်စီ ဥပဒေ မပေါ်ခင်မှာ ကြားဖြတ်ကောင်စီ သဘောမျိုး လုပ်ရမှာ ယာယီကောင်စီပါ။” ပြန်ကြားရေးတာဝန်ရှိသူတွေက ကောင်စီတရပ်ပေါ်ပေါက်လာရင် စာပေစိစစ်ရေး မရှိတော့ဘူးလို့ ပြောဆိုထားတာနဲ့ ပတ်သက်ပြီး ဦးကိုကိုက “သူတို့ပြောတဲ့အတိုင်းဆိုရင်တော့ ကြားဖြတ်ကောင်စီတရပ် ပေါ်လာပြီဆိုရင်တော့ စာပေစိစစ်ရေးက ရုပ်သိမ်းပေးရမယ့် သဘောတော့ရှိတယ်” လို့ ပြောပါတယ်။ ကောင်စီကို  ဥက္ကဋ္ဌအဖြစ် အငြိမ်းစားတရားသူကြီးချုပ် ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်)  အပါအ၀င် အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။ ကောင်စီက ထမ်းဆောင်ရမယ့်တာဝန် ၈ ချက်ပါရှိပြီး၊ အဲ့ဒီထဲမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ဖို့၊ စာနယ်ဇင်းနယ်ပယ်အတွင်းက ပုဂ္ဂိုလ်တွေ ရေးသားဟောပြောတာကို ကြီးကြပ်ဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေအနေနဲ့ စာနယ်ဇင်းလောကဖွံ့ဖြိုးဖို့ လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်၊ သတင်းသမားတွေ သတင်းရယူတာ ရေးသားရာမှာ ဖြစ်ပွားတဲ့ပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းရမယ်၊ စာနယ်ဇင်း ကျင့်ဝတ်ချိုးဖောက်ရင် အသိပညာပေးပြီး လိုအပ်ရင် အရေးယူ ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်တွေ ဖော်ပြပါရှိပါတယ်။ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) က ဦးဇော်သက်ထွေးက ဒီကောင်စီဟာ စာပေစိစစ်ရေးနေရာ အစားထိုးဝင်ရောက်လာတဲ့ အဖွဲ့လို့ နားလည်မိတဲ့အကြောင်း ပြောပြီး ကောင်စီအပေါ် သူ့အမြင်ကို ခုလို ပြောပါတယ်။ “ဒီအဖွဲ့မှာ စာနယ်ဇင်းက လူဟောင်းတချို့ ပြန်ပါလာတာရယ်၊ ဥက္ကဋ္ဌက ကျနော်တို့ မရင်းနှီးတဲ့ စာပေနယ်က မဟုတ်တဲ့ လူတယောက် ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီး အားရကျေနပ်လောက်တဲ့ ပြုပြင်ပြောင်းလဲမှုလို့ မယူဆပါဘူး။ စာပေစိစစ်ရေး မရှိတော့ဘူးဆိုပြီး နိုင်ငံတကာကို အခု လက်ရှိလုပ်နေတဲ့ အစိုးရအဖွဲ့က ပြသချင်တာကတော့ ရည်ရွယ်ချက်ရှိပါတယ်။ စာပေစိစစ်ရေးမရှိဘဲနဲ့ အားလုံးကို မီဒီယာ ဥပဒေနဲ့ ထိန်းညှိသွားရင် ကောင်းပါတယ်။ ဒါပေမယ့် အခု ကြားထဲမှာ အမြုတေကောင်စီဆိုတဲ့ တဆင့်ခံလိုမျိုး ဖြစ်ပြီး သူတို့နဲ့ ပြန်ဆက်ဆံပြီး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာတွေ၊ ညှိနှိုင်းရတာတွေ၊ ငြင်းခုံရတာတွေ ပြန်ပေါ်လာဦးမယ်လို့ ယူဆပါတယ်။” ကောင်စီနဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်ကော်မတီအနေနဲ့ ကြေညာချက်တစောင် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ကောင်စီဖွဲ့စည်းလိုက်တဲ့အကြောင်း သတင်းဖော်ပြတဲ့ ဩဂုတ် ၁၀ ရက်မှာပဲ ကောင်စီကို လက်မခံကြောင်း၊ ဒါဟာ အစိုးရရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို နောက်ပြန်သွားစေတဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း အလဲဗင်း မီဒီယာအုပ်စုက သူ့ဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြလိုက်ပါတယ်။ စာပေစိစစ်ရေးအဖွဲ့ကို နောက် ၁ ပတ်ထဲ ဖျက်သိမ်းတော့မယ်လို့ စာနယ်ဇင်း အသိုင်းအ၀ိုင်းက စုံစမ်းသိရှိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013