DVB Logo
Home
မြန်မာသတင်း
နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်တွင် မြန်မာလက်မှတ်ထိုးရန် အတည်ပြု
DVB
·
September 15, 2018
နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်တွင် မြန်မာလက်မှတ်ထိုးရန် အတည်ပြု
Donate to DVB

နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်မှာ မြန်မာက ပါဝင်လက်မှတ်ရေးထိုးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

သမ္မတ ပေးပို့ထားတဲ့ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ အဆိုပြုလွှာကို စက်တင်ဘာ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီး အခုလို အတည်ပြုခဲ့တာပါ။

ဒီစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် အနာဂတ် နျူကလီးယားဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာလည်း ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် အကျိုးရှိမယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦးက ပြောပါတယ်။

"တပ်မတော်အနေနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ဖို့အတွက် အဏုမြူနည်းပညာကို လူအများသေစေမယ့် လက်နက်တွေ ဖန်တီးထုတ်လုပ်ဖို့မဟုတ်ဘဲ လူအများအတွက် အကျိုးရှိစေမယ့် ဆေးပညာနယ်ပယ်၊ တက္ကသိုလ်ဓာတ်ခွဲခန်းတွေမှာ သုတေသနပြုတဲ့ သိပ္ပံပညာနယ်ပယ်၊ စွမ်းအင်ဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရေး နယ်ပယ်တွေမှာ အသုံးချနိုင်ဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ၊ စမ်းသပ်မှုတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆိုပါတယ်။

ဒီစာချုပ်ဟာ အတည်ပြုပါဝင်နိုင်ငံ ၅၀ ပြည့်မှ စာချုပ်အာဏာအသက်ဝင်မှာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန်လုံလောက်မှုရှိတယ်လို့ ပြောပါတယ်။

ပထ၀ီအနေအထားအရ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားမှာရှိလို့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ရင် နျူကလီးယား ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ နိုင်ငံတကာ အကူအညီယူပြီး ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တာကြောင့် လာမယ့် စက်တင်ဘာ ၂၆ ကနေ ၂၈ အထိ ကုလသမဂ္ဂမှာကျင်းပမယ့် နိုင်ငံတကာ စာချုပ်များဆိုင်ရာ အခမ်းအနားမှာ မြန်မာက နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

“ဒီစာချုပ်ဟာ လက်ရှိမှာအာဏာ သက်ဝင်ခြင်းမရှိသော်လည်း စာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုပါဝင်လာတဲ့ နိုင်ငံအရေအတွက် တိုးတက်များပြားလာတာနဲ့အမျှ စာချုပ်အသက်အာဏာ သက်ဝင်ဖို့ ပိုမိုနီးစပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုး အတည်ပြုကြဖို့ လိုအပ်လျက်ရှိပါတယ်။ ဒီစာချုပ်ဟာ နျူကလီးယားလက်နက်များကို အရေအတွက် တိုးမြှင့်ထုတ်လုပ်မှု၊ ပိုမိုအဆင့်မြှင့်ထုတ်လုပ်မှုတို့အပေါ်မှာ နိုင်ငံရေးအရ တားဆီးရေးမှာ အကျိုးသက်ရောက်ရှိစေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့ ပထမအဆင့်အနေနဲ့ လက်မှတ်ရေးထိုးပြီး အတည်ပြုခြင်းကို အဆင်သင့်ဖြစ်တဲ့အချိန်မှာ ဆက်လက်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။”

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ထိုင်းနဲ့ ဗီယက်နမ်တို့က ဒီစာချုပ်မှာ အတည်ပြုလက်မှတ်ရေးထိုးထားပြီး မြန်မာ့အိမ်နီးချင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကတော့ ကနဦးစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013