
AI နည်းပညာ အလွန်လျင်မြန်စွာ တိုးတက်လာနေတာကြောင့် လာမဲ့ ၁၀ နှစ်အတွင်း AI က လူသား အားလုံးကို သတ်ဖြတ်နိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ခြေ ၁၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ Anthropic ရဲ့ ထိပ်တန်း AI ဘေးကင်းရေးသုတေသနပညာရှင် အီဗန် ဟူဘင်ဂါ က သတိပေးလိုက်ပါတယ်။
Anthropic ဟာ Claude AI chatbot ကို ဖန်တီးတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဟူဘင်ဂါက AI စနစ်တွေ ကို လူသားတွေရဲ့ တန်ဖိုးနဲ့ ရည်ရွယ်ချက်တွေအတိုင်း လုပ်ဆောင်စေဖို့ လေ့လာတဲ့ AI alignment ပိုင်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။
ဟူဘင်ဂါက “AI က လူသားအားလုံးကို သတ်ဖြတ်နိုင်တယ်လို့ ကျနော်တို့ တကယ်ယုံကြည်ပါတယ်။ လာမဲ့ ၁၀ နှစ်အတွင်း ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအသုံးပြုနေတဲ့ AI မော်ဒယ်တွေရဲ့ အန္တရာယ်က နည်းပါးတယ်လို့ သူက ရှင်းလင်း ထားပါတယ်။
ဒါပေမဲ့၊ AI ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တိုးတက်အောင် လုပ်နိုင်လာပြီး လူသားထက် အလွန်အစွမ်းထက်တဲ့ superintelligence ဖြစ်သွားမှာကို သူစိုးရိမ်နေတာဖြစ်ပါတယ်။
Anthropic က အကောင်းဆုံးကြိုးစားနေတယ်လို့ ယုံကြည်ပေမဲ့ superintelligence ကို လူသား တွေရဲ့ ထိန်းချုပ်မှုနဲ့ ကိုက်ညီအောင် ထားနိုင်မဲ့ ဖြေရှင်းချက်ကို မရသေးဘူးလို့ ဟူဘင်ဂါက ဝန်ခံထားပါတယ်။
ဒါပေမဲ့ AI က လူသားမျိုးတုံးမှုကို ဘယ်လိုဖြစ်စေနိုင်မလဲဆိုတဲ့ အခြေအနေကိုတော့ ဟူဘင်ဂါက အသေးစိတ် မရှင်းပြထားပါဘူး။
သူ့ရဲ့ သတိပေးချက်ဟာ Anthropic ကနေ နုတ်ထွက်လိုက်တဲ့ သုတေသနပညာရှင် ဂျက်ကော့ ကော့ဆန်က Anthropic နဲ့ OpenAI နှစ်ခုစလုံးဟာ AI ဘေးကင်းရေးကို တာဝန်ယူမှုရှိရှိ မကိုင်တွယ်ဘူးလို့ ဝေဖန်ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကို AI အကြံပေးနေတဲ့ ကွန်ပျူတာသိပ္ပံပညာရှင် ဒိမ်း ဝန်ဒီ ဟောလ် ကတော့ ဒီလို သတိပေးချက်တွေကြောင့် အံ့အားသင့်ရပေမဲ့ တစိတ်တပိုင်းဟာ ကုမ္ပဏီတွေရဲ့ PR နဲ့ marketing ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
Source:Reuters











