DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ရေလုပ်သားများဆန္ဒပြ
DVB
·
September 14, 2018
အင်္ဂပူမြို့နယ်တွင် ရေလုပ်သားများဆန္ဒပြ
1 / 4
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ရေလုပ်သားအစုဖွဲ့တွေ စုပေါင်းပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ငါးလုပ်ငန်းဦးစီးအရာရှိနဲ့ တောင်သူလယ်သမား ရေးရာ ကော်မတီတို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ရာမှာ ရေလုပ်သားအစုအဖွဲ့သုံးဖွဲ့က လူဦးရေ ၁၈၀ ကျော်ပါဝင်ပြီး  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဇင် အလိုမရှိ၊ ငါးလုပ်ငန်းဦးစီးအရာရှိ ဒေါ်မော်မော်ဝင်း အလိုမရှိ၊ တောင်သူလယ်သမားကော်မတီဝင် ဦးဘိုတင်ဦး အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကျော်သိမ်းက “ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ မနှစ်က ၂၀၁၇ ခုနှစ်မှာ ကျနော်က အစုအဖွဲ့မှာ အင်းလုပ်ပါတယ်။ ဒီနှစ်ကျတော့ ကျနော်ကို အစုအဖွဲ့က ထုတ်ပယ်ပါတယ်။ အင်းမလုပ်ခိုင်းတာ ဘာကြောင့် မလုပ်ခိုင်းလဲ၊ အထက်အဆင့်ဆင့်ကို စာတင်ပါတယ်၊ သူတို့က ဘာမှဖြေရှင်းပေးခြင်းမရှိတဲ့ အတွက် ခုလိုဆန္ဒပြရတာ”လို့ ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ဦးသောင်းဟန်က “ဌာနဆိုင်ရာတွေကို စာတင်တယ်၊ တစုံတရာ အရေးယူမပေးလို့ ဒီနေ့ ဆန္ဒထုတ်ဖော်ရတယ်။ သက်ဆိုင်ရာအစိုးရကို ဖြေရှင်းပေးပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ်မှာ အင်း ၅၃ အင်းကို စိစစ်ပြီး အစုအဖွဲ့ပေးတာတွေ၊ လေလံ ရောင်းချတာတွေ လုပ်ဆောင်နေပြီး ဘုံစား ၄၊ အင်းဘေးမဲ့ ၁၊ အင်းပိတ်သိမ်း ၁ ရှိနေတာပါ။

အင်းတွေကို ချထားရာမှာ မြို့နယ်အဆင့် ၅ ဦးကော်မတီဆိုတာရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးမှူးက ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းဦးစီးက အဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ဒုရဲတပ်ဖွဲ့မှူး၊ တောင်သူလယ်သမားကိုယ်စားလှယ် ၁ ဦး၊ အင်းလုပ်ငန်းကျွမ်းကျင်သူ ၁ ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့် ညှိနှိုင်းရေး အနေနဲ့ ပါဝင်ရတာလည်း ဖြစ်ပါတယ်။

အင်္ဂပူမြို့နယ်မှာ အစုအဖွဲ့ ပေါင်း ၇၀ က တင်ပြတောင်းဆိုတာကို စိစစ်ပြီး ၃၀ ကျော်ကိုသာ ချထားပေးတာလို့ သိရပါတယ်။

အခုလို ဆန္ဒပြတဲ့အပေါ် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ဒေါ်မော်မော်ဝင်းက “ခုဆန္ဒပြတာကတော့ အင်းမရတဲ့သူတွေက ပြတာပါ။ ကျမတို့အနေနဲ့က မြို့နယ်က ၅ ဦးကော်မတီနဲ့ စိစစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့်ညှိနှိုင်းတယ်။ ပြီးတော့ တိုင်းအစိုးရကို တင်ပြရတာပါ။ အစုအဖွဲ့တွေကများတော့ အားလုံးတော့ မရနိုင်ဘူး၊ အင်းမရတော့ ဆန္ဒပြကြတာပေါ့” လို့ ပြောပါတယ်။

ဟသာင်္တခရိုင်အတွင်းအခုနှစ် အင်းပြဿနာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဇလွန်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013